စစ်ကောင်စီကို တော်လှန်နေတဲ့ ရန်ကုန်အခြေစိုက် မြို့ပြကြွက်အဖွဲ့ဝင် ၈ ယောက်ကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီဘက်က ဇန်နဝါရီ ၄ ရက်က ထုတ်ပြန်လာခဲ့ပြီး ဒီဖမ်းဆီးမှုမှာ စစ်ကောင်စီရဲတွေအပြင် လူမိုက်ဂိုဏ်းအဖွဲ့ဝင်တချို့ ပါဝင်နေခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
မြို့ပြကြွက်အဖွဲ့ဝင်တွေရဲ့ နောက်ဆုံးစစ်ဆင်ရေးဟာ စမ်းချောင်းမြို့နယ်၊ ကျွန်းတောအလယ်ရပ်ကွက်၊ ဖျာပုံလမ်း၊ တိုက်အမှတ် ၃၁ မှာ နေထိုင်တဲ့ စစ်ကောင်စီထောက်ခံသူ အဆိုတော် ယုန်လေး (ခ) အောင်ဖုန်းကျော်ရဲ့ တိုက်ခန်းကို ဒီဇင်ဘာ ၃၀ ရက် မနက် ၉ နာရီကျော်နဲ့ နေ့လယ် ၁၂ နာရီလောက်က ၂ ကြိမ်တိတိ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
နောက် ၂ ရက်အကြာ ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၂ နာရီကနေ ညနေ ၄ နာရီအတွင်းမှာ လှိုင်သာယာအနောက်ပိုင်းမြို့နယ်ထဲက ၉ ရပ်ကွက်နဲ့ ၁၀ ရပ်ကွက်က အမျိုးသား ၃ ယောက်ကို ဝင်ရောက်ဖမ်းဆီးသွားတာပါ။
လှိုင်သာယာ ၉ ရပ်ကွက်နေထိုင်သူတယောက်က “၁ ရက်နေ့ ညနေလောက်က ကိုမျိုးကြီးတို့ ကွမ်းယာဆိုင်ကို ဝင်ဖမ်းတာ။ လာဝယ်သလိုလိုနဲ့ အနောက်ကနေ လည်ပင်းကိုချုပ်ပြီး ခေါ်သွားတာ။ ပထမက စ,နေတယ်လို့ပဲ ထင်ကြတာ။ ရဲတွေ တယောက်မှမပါဘူး။ အကုန်လုံး တက်တူးတွေ ပလေကပ်တွေနဲ့ပဲ ဓားပါ ပါတယ်။ အားလုံး ၆ယောက် ၇ ယောက်။ ၁၀၊ ၁၁၊ ၁၄ ထဲက လူမိုက်တွေ၊ ခွေးဘီလူးကားနဲ့ ခေါ်သွားတာ” လို့ ပြောပါတယ်။
ဇန်နဝါရီ ၃ ရက် ညပိုင်းမှာတော့ မင်္ဂလာဒုံမြို့နယ်၊ ၃ လမ်းဆုံနဲ့ ဇေကမ္ဘာဝန်းထဲမှာ အမျိုးသား ၄ ယောက်ကို စစ်ကောင်စီဘက်က ဖမ်းဆီးခဲ့ပြီး ၄ ရက်နေ့ မနက်အစောပိုင်း ၂ နာရီလောက်မှာတော့ မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်မှာ အသက် ၂၀ အရွယ် အမျိုးသမီးတယောက်ဟာလည်း ဧည့်စာရင်းစစ်ချိန်မှာ ဖမ်းဆီးခံလိုက်ရပါတယ်။
မြို့ပြတော်လှန်ရေးအဖွဲ့ဝင်တွေအနေနဲ့ လုံခြုံရေးပိုဂရုစိုက်ကြဖို့ကို ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ရဲ့ သတင်းပြန်ကြားက အသိပေးထားပါတယ်။
“တလရ ရဲဘော်တွေကတော့ လုံခြုံရေးကို အထူးမပေါ့လျော့ဖို့ပဲ မှာချင်ပါတယ်။ ဒါကတော့ တလရ ရဲဘော်တွေကို အထူးမှာစရာတော့ မလိုပါဘူး။ အားလုံးက သဘောပေါက်ပြီးသားဆိုတော့ ရဲဘော်တယောက်ရဲ့ လုံခြုံရေးဟာ အဖွဲ့အစည်းတခုနဲ့ မဟာမိတ်ရဲဘော်တွေအားလုံးရဲ့ လုံခြုံရေးနဲ့ တိုက်ရိုက်အချိုးကျနေတယ်ဆိုတာကို ပိုပြီး သတိပြုပေးဖို့၊ တဦး တယောက်ရဲ့ လုံခြုံရေးကအစ လုံခြုံမှ အဖွဲ့အစည်းတခုလုံးရဲ့ လုံခြုံရေးစိတ်ချရနိုင်တယ်ဆိုတာကို သတိရပေးပါ၊ ဂရုစိုက်ပေးပါလို့ပဲ ပြောချင်ပါတယ်။ ကျနော်တို့ တလရ ရဲဘော်တွေအားလုံး ဘေးရန်ကင်းပြီး မစ်ရှင်တိုင်း အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်”
အဆိုတော် ယုန်လေးဟာ စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ အနုပညာရှင်တွေထဲက အမာခံအဖွဲ့ဝင်တယောက် ဖြစ်တဲ့အပြင် လူမိုက်ဂိုဏ်းစတားတွေအကြောင်း ပါဝင်တဲ့ ရုပ်ရှင်တွေကို ဒါရိုက်တာ၊ သရုပ်ဆောင်အဖြစ် ရိုက်ကူးနေပြီး လူမိုက်ဂိုဏ်းအဖွဲ့ဝင်တွေကိုပါ ရုပ်ရှင်တွေထဲ ထည့်သွင်းရိုက်နေသူတယောက် ဖြစ်ပါတယ်။