ဒီဇင်ဘာလ နောက်ဆုံးအပတ်ကတည်းက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လောင်းလုံးကျွန်းဆွယ်ရှိ ကျေးရွာ ၁၀ ရွာကျော်က ပြည်သူ ၅၀၀၀ နီးပါး စစ်ဘေးရှောင်ခဲ့ရပြီး လက်ရှိမှာ စားနပ်ရိက္ခာအပါအဝင် အကူအညီများစွာလိုအပ်နေတယ်လို့ သိရပါတယ်။
လောင်းလုံးကျွန်းဆွယ်က စစ်ဘေးရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာအခက်အခဲတွေအပါအဝင် ကျန်းမာရေး ပြဿနာတွေနဲ့ ရာသီဥတုဒဏ်ကိုလည်း ခံစားနေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေကို အကူအညီ ပေးနေတဲ့ ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ပြောပါတယ်။
“စစ်ကောင်စီက ဖြတ်လေးဖြတ်နဲ့ လုပ်ဆောင်နေတာပါ။ ဖြတ်လေးဖြတ် ဆိုတဲ့အထဲမှာ အဓိကကြုံရတဲ့ ဖုန်းလိုင်း အင်တာနက်ပေါ့နော် အဲ့ဒါဖြတ်တောက်မှု ရှိမယ်။ နောက်တခုကကျတော့ လမ်းပန်း ဆက်သွယ်ရေးကို ဖြတ်တောက်တာပေါ့နော်။ အဲ့ဒီ အနေအထားမှာ ကျနော်တို့ လောင်းလုံးမြို့ကနေပြီးတော့ အဓိက ကျနော်တို့ အဲ့ဒီ ခုနက စစ်ရှောင်ရတဲ့ နေရာတွေကို လောင်းလုံးမြို့ကနေ ဒါမှမဟုတ် ထားဝယ်မြို့ပေါ်ကနေ စားနပ်ရိက္ခာတွေ၊ သူတို့ရဲ့ စားသောက်ကုန် ပစ္စည်းတွေ လိုအပ်တာကို ဝယ်ရတာ ရှိတယ်။ ဒါကို စကစ ကနေ စစ်ကြောင်းထိုးတဲ့ ရွာတွေဘက်ကို သယ်ယူဖို့ လမ်းပန်း ဆက်သွယ်ရေး ဖြတ်သန်းသွားလာမှုကို ဖြတ်တောက်ထားတဲ့ အနေအထားတခု ရှိတယ်။ အဲ့ဒါကြောင့်မို့ ရိက္ခာသယ်ယူဖို့ကို အင်မတန် ခက်ခဲတဲ့ အနေအထားတခုတော့ ရှိပါတယ်” လို့ ဆိုပါတယ်။
ဒေါနတနင်္သာရီအဖွဲ့အနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို တတ်နိုင်တဲ့အားနဲ့ ကူညီနေပေမဲ့ လုံလောက်တဲ့ အကူအညီ အပြည့်အဝကိုတော့ မပေးနိုင်သေးဘူးလို့လည်း ဆိုပါတယ်။
ရိက္ခာသယ်ယူဖို့ အခက်အခဲတွေအပါအဝင် သွားလာရေးအခက်အခဲတွေကြောင့် ငါးပုံတပုံလောက်ကိုပဲ ကူညီနိုင်သေးတယ်လို့လည်း ပြောဆိုခဲ့ပါသေးတယ်။
“စစ်ကောင်စီက ရွာရဲ့ အနီးအနားမှာ ရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးပြီးတော့ လိုက်ပြီး ရှာဖွေတာမျိုး ပြည်သူတွေကို ဖမ်းဆီးတာမျိုးတွေ အဲ့လိုမျိုးတွေ တောက်လျှောက်တော့ အခုထိတော့ လုပ်နေတာမျိုးတွေ ရှိတယ်ပေါ့နော်။ အဲ့လို အနေအထား ဖြစ်တဲ့အတွက်ကြောင့်မို့ စစ်ဘေးရှောင်တွေက သူတို့ရွာတွေကို လုံလုံခြုံခြုံနဲ့ သွားရောက်ပြီးတော့ နေထိုင်ဖို့အတွက်တော့ အခက်အခဲ ရှိနေတယ်ဆိုတဲ့ အနေအထား ရှိပါတယ်ဗျ။ ဘယ်လို အနေအထားကျမှ ပြန်နိုင်မလဲဆိုတာကကျတော့ သူတို့စစ်ကြောင်း မရှိတော့ဘူးဆိုတဲ့ အနေအထား၊ ရွာမှာ သွားလာလို့ ရပြီဆိုတဲ့ အနေအထား ရောက်မှပဲ သူတို့ သွားရောက်ပြီးတော့ နေထိုင်လို့ရမယ်” လို့ ဒေါနတနင်္သာရီအဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဒီဇင်ဘာလ ၂၃ ရက်ကစပြီး တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာက ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီက ကြည်း၊ ရေ၊ လေ သုံးခုစလုံးနဲ့ ပြန်လည် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျောက်နီမော်ရွာ အနီးနားက ရွာတွေကိုပါ စစ်ကြောင်းထိုး တိုက်ခိုက်နေတာလည်း ဖြစ်တယ်။