ဇန်နဝါရီ ၄ ရက် မြန်မာ့လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်ကနေ အကျဉ်းသားအကျဉ်းသူ ၁၀၀၀ ဝန်းကျင် ပြန်လွတ်တယ်လို့ လွတ်မြောက်လာသူတွေထံက သိရပါတယ်။
ဇန်နဝါရီ ၄ ရက် မွန်းတည့်ချိန်မှာ အင်းစိန်အကျဉ်းထောင်ကနေ ဘတ်စ်ကားအစီး ၂၀ ကျော်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရသူတွေကို စတင်စေလွှတ်ခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသားတချို့ ပါဝင်တယ်လို့ လွတ်မြောက်လာသူ တယောက်က ပြောပါတယ်။
“ကားတိုင်းလူအပြည့်ပဲ။ ဝါတာတွေပြောနေတာတော့ ၁၀၀၀ လောက်ရှိမယ်လို့ ကြားခဲ့တယ် ။နိုင်ကျဉ်းတွေ ကတော့နည်းမယ်။”
စစ်ကောင်စီ လွှတ်ပေးတဲ့အထဲမှာ အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃ (က) နဲ့ ထောင်ကျနေတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်လည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြန်လွတ်မြောက်လာသူတွေထဲမှာ ပန်းသပိတ်ဆင်နွှဲလို့ ဖမ်းဆီးအကျဉ်းချခံရတဲ့ အမျိုးသမီး ၁၉ ယောက်လည်း ပါဝင်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဇွန်လက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပန်းသပိတ်ဆင်နွှဲခဲ့လို့ ထောက်ကြန့်စျေးထဲမှ ကုန်စိမ်းရောင်တဲ့ အမျိုးသမီး ၁၉ ယောက် အဖမ်းခံရတာ ဖြစ်ပါတယ်။
ဒီနေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အကျဉ်းထောင်အသီးသီးကနေ အကျဉ်းသား အကျဉ်းသူ ၆၀၀၀ လောက် ပြန်လွတ်လာဖို့ရှိပြီး နှစ်ရှည်ထောင်ဒဏ်ချမှခံရသူတွေကိုလည်းဖြေလျှော့ပေးခဲ့ပါတယ်။