Home
မြန်မာသတင်း
လွတ်လပ်ရေးနေ့တွင် အကျဥ်းသား ၆၀၀၀ ကျော်ကို ပြန်လွှတ်ပေး၊ သင်ဇာဝင့်ကျော်ပါဝင်
DVB
·
January 4, 2025

ဇန်နဝါရီ ၄ ရက်မှာကျရောက်တဲ့  ၇၇ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်း အကျဥ်းထောင်အသီးသီးမှာ ဖမ်းဆီးထောင်ချထားသူ ၆၀၄၄ ယောက်ကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ ဒီကနေ့မနက်မှာ ထုတ်ပြန်ကြေညာပါတယ်။

မြန်မာနိုင်ငံတဝန်းမှာရှိတဲ့ အကျဥ်းထောင်အသီးသီးမှာ ဖမ်းဆီးထားတဲ့အကျဥ်းသား၊ အကျဥ်းသူ ၅၈၆၄ ယောက်ကို ပုဒ်မ ၄၀၁ အရ ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလိုလွှတ်ပေးတဲ့အထဲမှာ အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃ (က) နဲ့ ထောင်ကျနေတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့လည်းပါတယ်လို့ အကျဥ်းဦးစီးနဲ့နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေ့ လွတ်ငြိမ်းပေးတဲ့အထဲမှာ အင်းစိန်က ၁,၀၀၀ ကျော်ပါတယ်။ နိုင်ငံရေးအမှုနဲ့ ထောင်ကျနေတဲ့သူတွေပါသလို သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံလည်းပါတယ် လို့ကြားတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အကျဥ်းထောင်အသီးသီးမှာ သေဒဏ်ကျခံနေရတဲ့ အကျဥ်းသား၊ အကျဥ်းသူ ၁၄၄ ယောက်ကိုလည်း သေဒဏ်ကနေ ထောင်ဒဏ် ၁၅ နှစ်အဖြစ်ပြောင်းလဲချမှတ်ခဲ့ပါတယ်။

လူသတ်မှု၊ မုဒိန်းမှု၊ ပေါက်ကွဲစေတတ်တာနဲ့ ပတ်သက်တဲ့အမှုတွေ၊ မတရားအသင်းဥပဒေနဲ့ ပတ်သက်တဲ့အမှုတွေ၊ လက်နက်နဲ့ပတ်သက်တဲ့အမှုတွေ၊ မူးယစ်ဆေးနဲ့ပတ်သက်တဲ့အမှုတွေ၊ သဘာဝဘေးအန္တရာယ်၊ အဂတိလိုက်စားမှုအမှုတွေကလွဲလို့ ကျန်ဥပဒေနဲ့ပတ်သက်ပြီး ဖမ်းဆီးထောင်ချခံထားရသူတွေကို ကျခံနေရတာရဲ့ ၆ ပုံ ၁ ပုံကို လွတ်ငြိမ်းသက်သာခွင့်ပေးတယ်လို့ ကြေညာပါတယ်။

ဒါ့အပြင် စစ်ကောင်စီက  နှစ်နိုင်ငံချစ်ကြည်ရေးအရ အကျဥ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြား အကျဥ်းသား၊ အကျဥ်းသူ ၁၈၀ ကိုလည်း လွတ်ငြိမ်းပေးခဲ့ပြီး ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။

ဒီနေ့မနက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်မြောက်လာကြမယ့် အကျဉ်းသားတွေကို မိသားစုဝင်တွေက အင်းစိန်ဗဟိုအကျဉ်းထောင်ရှေ့မှာ မနက် ၆ နာရီလောက်ကတည်းက  လာရောက်စောင့်မျှော်နေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013