Home
မြန်မာသတင်း
ဧရာဝတီတိုင်းက မိတ်သလင်စခန်းကို AA နှင့်မဟာမိတ်များ တိုက်ခိုက်နေ
DVB
·
January 4, 2025
Photo-မင်းမင်း၊ ကျော်သူ

ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစပ် ဂွ-ငါးသိုင်းချောင်းလမ်းပေါ်က မိတ်သလင် စစ်ကောင်စီစခန်းကို ဇန်နဝါရီ ၃ ရက် ညနေပိုင်းကစတင်ပြီး အာရက္ခတပ်တော် AA ဦးဆောင်တဲ့ ပူးပေါင်မဟာမိတ်တပ်ဖွဲ့တွေက တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ရခိုင်ပြည်နယ်၊ ဂွမြို့ကနေ ၂၅ မိုင်ဝေးတဲ့ ရခိုင်ရိုးမပေါ်က ဗေဒါစစ်ဆေးရေးဂိတ်အလွန် မိတ်သလင် စခန်းဟာ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့ဘက်ခြမ်းမှာတည်ရှိတာဖြစ်ပါတယ်။

စစ်ရေးသတင်းရင်းမြစ်တယောက်က “AA နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက ဝင်တိုက်တယ် လို့ ကြားသိရပါတယ်။ အဲနားမှာ မိတ်သလင်ရဲစခန်းဆိုတာရှိပါတယ်။ ဟိုရက်က တိုက်ပွဲစဖြစ်တဲ့ ဗေဒါဂိတ်အလွန်ပေါ့။ ဧရာ၀တီတိုင်းဘက်ခြမ်းကိုကျတယ်။ တိုက်ပွဲဖြစ်နေတာက သေချာတယ်။ အေအေနဲ့အဖွဲ့က သက်သက် မိတ်သလင်စခန်းကိုဝင်တိုက်တာလား။ ဒါမှမဟုတ်ရင် ဗေဒါဂိတ်က ဆုတ်သွားတဲ့ စကစတပ်နဲ့ ဖြစ်တာလား။ သေချာမပြောနိုင်သေးဘူး” လို့ ပြောပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာကို စစ်ကောင်စီရဲ့ ငါးသိုင်းချောင်း အမြောက်တပ် ၃၄၄ ကနေ အမြောက်တွေနဲ့ပစ်ခတ်နေပြီး တိုက်ပွဲမှာ အထိအခိုက်အကျအဆုံးနဲ့ စခန်းကျ၊ မကျ အခြေအနေကို မသိရသေးဘူး လို့ဆိုပါတယ်။

ငါးသိုင်းချောင်း ဒေသခံတယောက်က “တိုက်ပွဲတွေ ဖြစ်နေတာသေချာတယ်။ စစ်ကားတွေမနည်း ငါးသိုင်းချောင်းဘက် တက်သွားတယ်။ ပစ်ခတ်သံတွေလည်း အဆက်မပြတ်ကြားနေရတယ်။ ပစ်ခတ်နေတဲ့ဘက်မှာ လေယာဉ်တွေလည်း ပျံနေတာတွေ့ရတယ်” လို့ ပြောပါတယ်။

အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ ဟာ ရခိုင်ပြည်နယ်နဲ့ ထိဆက်စပ်နေတဲ့ နယ်စပ် ရိုးမလမ်းပေါ်က စစ်ကောင်စီစခန်းတွေကို ဒီရက်ပိုင်းအတွင်းထိုးစစ်ဆင်တိုက်ခိုက်နေပြီး အမ်း-ပဒါန်း-မင်းဘူး ကားလမ်းပေါ်၊ တောင်ကုတ်-ပန်းတောင်း-ပြည်ရိုးလမ်းပေါ်၊ ဂွ-ငါးသိုင်းချောင်းလမ်းပေါ် စတဲ့နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013