မြန်မာ့အရေးနဲ့ပတ်သက်ပြီး တရုတ်အစိုးရရဲ့ မူဝါဒသဘောထားကို ပြောင်းလဲဖို့နဲ့ ဝင်ရောက်စွက်ဖက်နေတာတွေကိုရပ်တန့်ဖို့ အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့မှာ ဒေသစံတော်ချိန် ဇန်နဝါရီ ၃ ရက်က အနုပညာရှင်တွေဦးဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
တေးသံရှင် ကျော်သီဟက “တရုတ်လူမျိုးတွေကို ကျနော်တို့က စော်ကားခြင်းမဟုတ်ဘူး။ တရုတ်လူမျိုးတွေကိုထိပါးခြင်းလည်းမဟုတ်ပါဘူး။ တရုတ်အစိုးရ မြန်မာနိုင်ငံအပေါ်မှာ ဆက်ဆံနေတဲ့ သူတို့ရဲ့ပေါ်လစီကို ကျနော်တို့လက်မခံနိုင်တဲ့အကြောင်းကို ကျနော်တို့ ဒီနေရာမှာ ဆန္ဒထုတ်ဖော်ပြသခြင်းဖြစ်ပါတယ်”လို့ ပြောပါတယ်။
တေးရေး၊ တေးဆို လင်းထက်က “ကျနော်တို့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို ဖိအားပေးနေတာတွေရှိတယ်။ ဒါတွေကိုကျနော်တို့လုံးဝလက်မခံဘူး။ အဲ့ဒီအတွက်ကြောင့်မို့လို့ ကျနော်တို့ ဒီနေ့ ဒီနေရာကိုလာပြီးစုရုံးကြတာဖြစ်တယ်။ ကျနော်တို့တော်လှန်ရေးက အသက်တွေအများကြီး ပေးခဲ့ရတာဖြစ်တယ်။ အဲ့ဒီလူတွေအားလုံးအတွက် ကျနော်တို့တော်လှန်ရေး ဘယ်တော့မှရပ်ဖို့အကြောင်းမရှိဘူး။ ဘယ်နိုင်ငံ ဘယ်ကမ္ဘာကမှ ကျနော်တို့ကိုလာရပ်လို့မရဘူး။ ဒီတော်လှန်ရေးကို ကျနော်တို့အဆုံးသတ်မယ်ဆိုတာ ပြည်သူတွေရဲ့ သံန္နိတ်ဋ္ဌာန်ချထားတဲ့အရာ ဖြစ်ပါတယ်။ တရုတ်ကို ဒီသတင်းစကားအဓိကပေးချင်တာဖြစ်ပါတယ်”လို့ ပြောပါတယ်။
တရုတ်အစိုးရရဲ့ မြန်မာ့အရေးကိုဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ကန့်ကွက်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုကို ဒီဇင်ဘာ ၇ ရက်ကစပြီး နိုင်ငံတကာရောက်မြန်မာတွေက ဆက်တိုက်လှုပ်ရှားနေတာပါ။
ဇန်နဝါရီ ၃ ရက် ဝါရှင်တန်ဒီစီတရုတ်သံရုံးရှေ့ဆန္ဒပြပွဲပြုလုပ်ချိန်မှာ နှင်းမိုးတွေရွာပြီး ရာသီဥတုဆိုးရွားခဲ့ပေမဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ပွဲကိုမဖျက်ဘဲ အစီအစဉ် ပြီးမြောက်အောင် ပြုလုပ်ခဲ့တာတွေ့ရပါတယ်။
အဆိုတော် လီယိုက “တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ပေါ်လစီ အဲ့ဒီပေါ်လစီကို ပြန်လည် သုံးသပ်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့အသံကိုနားထောင်ပေးပါ။ မြန်မာပြည်သူတွေရဲ့ဆင်းရဲဒုက္ခနဲ့ ပြည်သူတွေဘက်ကိုမျက်နှာမူပေးဖို့ တောင်းဆိုဆန္ဒထုတ်ဖော်တဲ့ပွဲဖြစ်ပါတယ်ဗျ”လို့ ပြောပါတယ်။
အဆိုတော် ထက်အောင်ရှိုင်းက “ရာဇဝတ်ကောင် လူသတ်သမားမင်းအောင်လှိုင်ကို အားပေးအားမြှောက် အထောက်အပံ့လုပ်နေခြင်းကို ရပ်တန်းကရပ်ပါလို့ တရုတ်ကွန်မြူနစ်အစိုးရ၊ ရှီကျင့်ဖျင်၊ အပေါင်းအပါ၊ ရာဇဝတ်ကောင်၊ သူခိုးအားပေးကို ကျနော်တို့ သတိပေးပါတယ်”လို့ ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးအလွန်မှာ မြန်မာနိုင်ငံတွင်းစစ်ရေးချိန်ခွင်လျာ အပြောင်းအလဲဖြစ်ခဲ့ပြီးနောက် တရုတ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကိုဖိအားပေးပြီး တိုက်ပွဲအခြေအနေကို ထိန်းချုပ်ဖို့ကြိုးစားခဲ့တာပါ။
တရုတ်အစိုးရဟာ တော်လှန်ရေးအင်အားစုတွေကို အသိအမှတ်ပြုဆက်ဆံတာမျိုးမလုပ်ခဲ့ဘဲ ၂၀၂၄ ခုနှစ်အတွင်းမှာ သမ္မတဟောင်းဦးသိန်းစိန်ကို တရုတ်နိုင်ငံကိုဖိတ်ကြားခဲ့သလို စစ်ခေါင်းဆောင်ကိုလည်း တရုတ်နိုင်ငံမှာ ကျင်းပတဲ့ မဲခေါင်ဒေသအစည်းအဝေးကို ဖိတ်ကြားခဲ့ပါတယ်။
မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာထွန်းဝေက “NUG၊ တိုင်းရင်းသားညီအစ်ကိုတွေ၊ PDF တွေနဲ့ တရုတ်အစိုးရအနေနဲ့စပြီးစကားပြောဖို့ ကျနော်တို့လာရောက်တောင်းဆိုခြင်းဖြစ်ပါတယ်”လို့ ပြောပါတယ်။
မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဒေါ်ခင်အေးမြင့်က “တရုတ်အစိုးရ စကစကို နိုင့်ထက်စီးနင်းတဲ့ မတရားတဲ့အကြံဉာဏ်တွေကို မပေးပါနဲ့။ မြန်မာပြည်သူတွေကို ကူညီစာနာပြီးတော့ ဖေးမပါလို့ အန်တီ့အနေနဲ့ ပြောချင်ပါတယ်”လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ်အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ကောင်စီတို့ သံတမန်ရေးရာ အားပြိုင်မှုတွေ ပြင်းထန်ခဲ့ပေမဲ့ တရားဝင်အစိုးရတရပ်အဖြစ် အသိအမှတ်ပြုဆက်ဆံခံရတာမျိုး အထိတော့ ခရီးမရောက်ခဲ့ကြပါဘူး။
အာဆီယံနိုင်ငံတခုချင်းစီရဲ့ မြန်မာ့အရေးအပေါ်ရပ်တည်မှုမတူကြတဲ့အတွက် အာဆီယံရဲ့ လှုပ်ရှားမှုတွေဟာ ထိရောက်မှုရှိလာမှာမဟုတ်ဘဲ တရုတ်နိုင်ငံရဲ့ပါဝင်ပတ်သက်မှုကတော့ ၂၀၂၅ မှာ ပိုအားကောင်းလာဖို့ရှိတယ်လို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးသုတေသီတယောက်က ခန့်မှန်းထားပါတယ်။
သုတချမ်းသာ