ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့မှာရှိတဲ့ စစ်ကောင်စီ တိုင်းရဲတပ်ဖွဲ့ရုံးနဲ့ တိုင်းအစိုးရအဖွဲ့ရုံး ပတ်ဝန်းကျင်မှာ လုံခြုံရေးအတွက်ဆိုပြီး ကတုတ်ကျင်းတွေတူးနေတယ်လို့ တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂ ရက်က စတင်ပြီး တိုင်းရဲတပ်ဖွဲ့ရုံးနဲ့ အစိုးရအဖွဲ့ရုံး ပတ်ဝန်းကျင် ပတ်ပတ်လည်မှာ အထူးလုံခြုံရေး ပြင်ဆင်တဲ့အနေနဲ့ စစ်ကောင်စီ အောက်ခြေတပ်သားတွေနဲ့ ရဲတချို့က ကတုတ် ကျင်းတွေ တူးနေတာပါ။
စစ်ကောင်စီ တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူက “အောက်ခြေ တပ်သားတွေကို တူးခိုင်းတာ။ လွတ်လပ်ရေးနေ့အမီ ပြီးအောင်လုပ်ခိုင်းနေတာ။ အရင်က အခုလို ကတုတ်ကျင်းတူးတဲ့အထိ လုံခြုံရေး ကြိုတင်ပြင်ဆင်တာမရှိပါဘူး” လို့ ပြောပါတယ်။
တိုင်းရဲတပ်ဖွဲ့ရုံးနဲ့ တိုင်းအစိုးရအဖွဲ့ရုံး ဝန်းကျင်မှာ ကတုတ်ကျင်း ၃၀ ထက်မနည်းတူးခိုင်းထားပြီး လွတ်လပ်ရေးနေ့ကို နိုင်ငံတော်အဆင့် လူကြီးလမ်းကြောင်းရှိတာကြောင့် စစ်ကောင်စီ တိုင်းဝန်ကြီးချုပ် တင်မောင်ဝင်းအမိန့်နဲ့ လုပ်နေတာလို့ ဆိုပါတယ်။
ပုသိမ်ဒေသခံ တယောက်က “စကစက တော်လှန်ရေးတပ်တွေ ဝင်လာမှာကို တော်တော်လေးကို ကြောက်နေတာ။ လုံခြုံရေးအတွက် စကစတပ်တွေက ဟိုနားငုတ်တုတ်၊ ဒီငုတ်တုတ်နဲ့ အရင်ရကထက် ပိုများနေတာတွေ့ရတယ်” လို့ ပြောပါတယ်။
လက်ရှိ စစ်ကောင်စီ လက်အောက်ခံ ရုံးတွေအနီးမှာ ကတုတ်ကျင်းတွေ တူးနေတဲ့အပြင် တိုင်းအစိုးရအဖွဲ့နဲ့ တိုင်းရဲတပ်ဖွဲ့ရုံး၊ စီစီတီဗွီတွေကို စစ်ဆေးဖို့နဲ့ လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပမယ့်နေရာတွေမှာ စီစီတီဗွီတွေ တပ်ဆင်ထားဖို့ ညွှန်ကြားထားပါတယ်။
ဒီဇင်ဘာ ၂၇ ရက်က စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း ပုသိမ်ကိုလာလို့ အများအသုံးပြုတဲ့ လမ်းတွေကို နာရီအတန်အကြာအထိ ပိတ်ပြီး စစ်သားနဲ့ရဲ အင်အားအများအပြား လုံခြုံရေး ယူပေးခဲ့ရသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။