Home
မြန်မာသတင်း
ကမ္မတွင် မိုင်းမတော်တဆပေါက်ကွဲပြီး PDF ရဲဘော် ၁ ဦး ကျဆုံး
DVB
·
January 3, 2025
Photo-21 Bagan People Defense Force

မကွေးတိုင်း၊ ကမ္မမြို့နယ်ထဲမှာ ဇန်နဝါရီ ၁ ရက်က စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲဖို့ပြင်ဆင်ရင်း မိုင်းပေါက်ကွဲလို့ PDF ရဲဘော်တယောက် ကျဆုံးသွားတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ကမ္မအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံက “သူတို့တပ်ဖွဲ့က မြစ်ခြေမြို့နယ်ထဲကို ရိက္ခာပို့လာတဲ့ တပ်မ ၁၀၁ က စစ်ကြောင်းကို မိုင်းဆွဲဖို့ပြင်ဆင်ချိန်မှာ မိုင်းမတော်တဆပေါက်ကွဲခဲ့လို့ ရဲဘော် ၁ ဦး ကျဆုံးသွားခဲ့တာ” လို့ ပြောပါတယ်။

ကျဆုံးသွားသူဟာ 21 Bagan People Defense Force ရဲ့တပ်ဖွဲ့ဝင် ညောင်ဦးနယ်ခံ အသက် ၂၅ နှစ်အရွယ် ရဲဘော်ဗျတ္တ ဖြစ်တယ်လို့ ဆိုပါတယ်။

21 Bagan People Defense Force ရဲ့ တာဝန်ခံ ရဲဘော်မောင်လေးက “ရဲဘော်ဗျတ္တရဲ့ ညာဘက်မျက်လုံးနဲ့ ရင်ဘတ်တွေမှာ မိုင်းထိပြီး ကျဆုံးသွားခဲ့တာပါ။ အခုလိုဖြစ်သွားတဲ့အတွက် မိုင်းဆွဲမယ့်အစီအစဥ်လည်း ပျက်သွားခဲ့တယ်။ သူက ၂၀၂၄ မေလထဲမှာ ကျနော့်အဖွဲ့ထဲကို ဝင်လာခဲ့တာ ၈ လလောက်ပဲ ရှိသေးတယ်။ အရင်တွေတုန်းကလည်း မိုင်းတွေထောင်ရင် သူပဲလုပ်ခဲ့တာ၊ အခုတခါတော့ ဘယ်လိုဖြစ်သွားတယ် မသိဘူးဗျာ” လို့ DVB ကို ပြောပါတယ်။

ရဲဘော်ဗျတ္တဟာ စစ်ကောင်စီကိုတော်လှန်ရင်း 21 Bagan People Defense Force ထဲမှာ ပထမဆုံး ကျဆုံးခဲ့သူတယောက်ဖြစ်ပါတယ်။

21 Bagan People Defense Force ဟာ တခြားမဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်က ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့က စစ်ကောင်စီတပ်စွဲနေတဲ့ EPC ရုံး၊ ဆောက်လုပ်ရေးရုံး၊ ပြန်ကြားရေးရုံးနဲ့ ဆက်သွယ်ရေးရုံးတွေကို ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ကြပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013