
မန္တလေးတိုင်းအတွင်း စစ်ရေးတင်းမာနေတဲ့ မြင်းခြံ-တောင်သာ ကားလမ်းပိုင်းကို ဒီဇင်ဘာ ၂၈ ရက်က စတင်ပြီး သွားလာခွင့်ကန့်သတ်ထားတယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းဆီကနေ သိရပါတယ်။
မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “စစ်ရေးတင်းမာနေပြီး စစ်ဆင်ရေးတွေ ဆောင်ရွက်နေတာဖြစ်လို့ မိဘပြည်သူလူထုတွေရဲ့ အသက်အန္တရာယ်ကို မထိခိုက်စေချင်တဲ့အတွက် မြင်းခြံ-တောင်သာ ကားလမ်းပိုင်းကို ညပိုင်းတွေ သွားလာခွင့်ကန့်သတ်ရတာဖြစ်ပါတယ်” လို့ ပြောပါတယ်။
အဆိုပါကားလမ်းပိုင်းပေါ်မှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ သွားလာခွင့်ကို ဇန်နဝါရီလကုန်အထိ ပိတ်ပင်တာဖြစ်ပြီး သတ်မှတ်ထားတဲ့အချိန်အတွင်း ဖြတ်သန်းသွားလာရင်လည်း အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း၊ တပ်ခွဲ ၃ တာဝန်ခံ ဇူရီက “အခုရက်ပိုင်းမှာ စစ်ရေးတွေက ပိုတင်းမာနေတယ်။ ကျနော်တို့ဘက်ကလည်း စစ်ဆင်ရေးတွေ ဆက်တိုက်လုပ်နေတာရှိသလို စကစဘက်ကလည်း လေကြောင်းအသုံးပြုပြီး ခုခံနေတာတွေ ရှိနေတယ်။ ဒါကြောင့် ခရီးသွားပြည်သူတွေ လုံခြုံရေးနဲ့ တော်လှန်ရေးရဲဘော်တွေ အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့လို့ ပြည်သူလူထုက ပူးပါင်းပါဝင်ပေးဖို့ မေတ္တာရပ်ခံပါတယ်” လို့ DVB ကို ပြောပါတယ်။
မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းက တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဒီဇင်ဘာ ၃၀ ရက်မှာ တောင်သာမြို့နယ်၊ ဗိဿနိုးတောင်ပေါ်မှာ တပ်စွဲနေတဲ့ အင်အား ၄၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဒီဇင်ဘာ ၃၁ ရက် မနက်အစောပိုင်းကလည်း တောင်သာမြို့နယ်၊ ဇဂျမ်းရဲကင်းစခန်းကို မြေပြင်နဲ့ ဝေဟင် ပူးပေါင်းတိုက်ခိုက်ခဲ့ကြသေးတယ်လို့ သူက ဆက်ပြောပါတယ်။
ဇန်နဝါရီ ၂ ရက်ကလည်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းက စစ်ဆင်ရေးတခု ပြုလုပ်ခဲ့သေးတယ်လို့ သိရပေမဲ့ သတင်းထုတ်ပြန်ပြောဆိုလာတာတော့ မရှိသေးပါဘူး။