Home
မြန်မာသတင်း
မြင်းခြံတွင် စစ်ကောင်စီတပ် ကင်းပုန်းဝပ် ပစ်ခတ်သဖြင့် PDF ရဲဘော် ၂ ဦး ကျဆုံး
DVB
·
January 1, 2025
Photo-Anyar Regional Youth Guerrilla Force

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဒီဇင်ဘာ ၃၀ ရက် မနက် ၉ နာရီခွဲလောက်က  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းပုန်းဝပ် စောင့်ဆိုင်းပစ်ခတ်လို့ PDF  ရဲဘော် ၂ ယောက် ကျဆုံးခဲ့ပါတယ်။

Anyar Regional Youth Guerrilla Force ရဲ့ ပြောရေးဆိုခွင့်ရှိသူက “မြင်းခြံ-နဘူးအိုင် ကားလမ်းပေါ်မှာ စစ်ကောင်စီကင်းပုန်းနဲ့တိုးပြီး ပစ်ခံရတာပါ။ လမ်းကြောင်းကိစ္စနဲ့ထွက်သွားရင်း ကျောက်ကန်ရွာထိပ်နား အရောက်မှာ စကစ အင်အား အယောက် ၅၀ လောက်က ကင်းပုန်းဝပ်ပြီး စောင့်ပစ်တာခံလိုက်ရလို့ ကျနော်တို့ရဲဘော် ၂ ယောက်ကျဆုံးခဲ့ပါတယ်” လို့ ပြောပါတယ်။

ကျဆုံး PDF ရဲဘော် ၂ ယောက်ဟာ Anyar Regional Youth Guerrilla Force (ရေစကြို) အဖွဲ့ရဲ့ တပ်ဦးအဖွဲ့ဖြစ်တဲ့ ​အညာဒေသတော်လှန်ရေးအင်အားစု (ADF) အဖွဲ့က အသက် ၂၂ နှစ်အရွယ် ရဲဘော် စိုးမိုးအောင်နဲ့ မုံရွာခရိုင်တပ်ရင်း ၁၇ က အသက် ၂၅ နှစ်အရွယ် ရဲဘော် ဖိုးချဲ တို့ ဖြစ်ကြပါတယ်။

Anyar Regional Youth Guerrilla Force တာဝန်ခံ ဗိုလ်နဂါးလေးက “အရင်ရက်တွေကဆိုရင် ကြိုပြီးသတင်းရတယ်။ ဒီတခါ သတင်းကြိုမရခဲ့လို့ ခံရတာပါ။ စကစက ကောင်တွေကလည်း ကင်းပုန်းဝပ်နေပြီးတော့ အကွာအဝေးမီတာ ၂၀ လောက်မှ သေချာပစ်တာ၊ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ကြသေးတယ်။ ဒါပေမဲ့ ကျနော်တို့ရဲဘော်တွေဘက်က လက်နက်အင်အား၊ လူအင်အား မမျှတာ​ကြောင့် ရဲဘော် ၂ ယောက် ကျသွားတယ်။ သူတို့နဲ့အတူပါသွားတဲ့ ကျန်တဲ့ရဲဘော်တွေ ပြန်ဆုတ်လာပြီးတော့မှ အခြေအနေစောင့်ကြည့်ပြီး ကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကို ပြန်ကောက်ယူလာနိုင်ခဲ့ကြတာပါ” လို့ပြောပါတယ်။

ကျဆုံးသွားကြတဲ့ ရဲဘော်တွေရဲ့ ဈာပနကိုတော့ ဒီဇင်ဘာ ၃၁ ရက် မနက် ၉ နာရီဝန်းကျင်မှာ ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ပါတယ်။

မြင်းခြံ-နဘူးအိုင် ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကြာခဏ တိုက်ခိုက်ခံရသလို  စစ်ကောင်စီဘက်ကလည်း စစ်ဆေးရေးဂိတ်တွေ ဖွင့်တာတွေအပြင် ကင်းပုန်းဝပ်ပြီး စောင့်ဆိုင်း တိုက်ခိုက်တာတွေ ရှိနေတယ်လို့လည်း မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013