
အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်တာကြောင့် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နဲ့ ထိစပ်နေတဲ့ လမ်းအားလုံးကို ဒီဇင်ဘာ ၂၄ ရက်ကစပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသုံးပြုခွင့် ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။
နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “၂၄ ရက်နေ့ကနေ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ သွားလာခွင့်ကန့်သတ်လိုက်တဲ့ လမ်းပိုင်းတွေက နွားထိုးကြီးမြို့နယ်နဲ့ ထိစပ်နေတဲ့ လမ်းအားလုံး အကျုံးဝင်ပါတယ်” လို့ ပြောပါတယ်။
သွားလာခွင့်ကန့်သတ်လိုက်တဲ့ လမ်းပိုင်းတွေဟာ နွားထိုးကြီး-မြင်းခြံလမ်း၊ နွားထိုးကြီး-မြို့သာလမ်း၊ နွားထိုးကြီး-ပြင်စီလမ်း၊ နွားထိုးကြီး-တောင်သာလမ်း၊ နွားထိုးကြီး-တံတားဦးလမ်း၊ နွားထိုးကြီး-မလှိုင်လမ်းနဲ့ ပြင်စီ-မလှိုင်လမ်းပိုင်းတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
အဆိုပါလမ်းပိုင်းတွေကို ဒီဇင်ဘာ ၂၄ ရက်ကစတင်ပြီး ည ၈ နာရီကနေ မနက် ၆ နာရီအထိ လမ်းအသုံးပြုသွားလာခွင့်ကို ကန့်သတ်လိုက်တာလို့လည်း သိရပါတယ်။
“အခုကန့်သတ်လိုက်တဲ့ လမ်းပိုင်းတွေမှာ အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်မယ့် အနေအထား ရှိနေပါတယ်။ တိုက်ပွဲတွေဖြစ်လာခဲ့ရင် ပြည်သူလူထု မထိခိုက်စေချင်လို့ပါ။ အချို့ကိစ္စတွေကတော့ စစ်ရေးအရ အများပြည်သူကို ချပြလို့မရဘူးပေါ့။ ပြည်သူတွေအနေနဲ့လည်း နားလည်နိုင်ပြီး တော်လှန်ရေးကာလ ၄ နှစ်ပြည့်တော့မှာဖြစ်လို့ ကျနော်တို့နဲ့အတူ ပူးပေါင်းပါဝင်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ နေရာတိုင်းမှာ ကျနော်တို့ နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေ ရှိနေပါတယ်။ မကြာခင်ကာလမှာလည်း အမြန်လမ်းဒေသတခုလုံးကိုပါ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်စိုးမိုးမှု တိုးတက်လာတော့မှာ ဖြစ်ပါတယ်” လို့ Natogyi People Defence Force - NPDF (မြင်းခြံခရိုင် အမှတ် ၄/၁၀) တပ်ရင်းမှူး ကိုစိုးအောင် က DVB ကို ပြောပါတယ်။
ကန့်သတ်ချိန်မဟုတ်တဲ့ နေ့ပိုင်းအချိန်တွေမှာလည်း အဆိုပါလမ်းပိုင်းကို အသုံးပြုနေကြတဲ့ မော်တော်ယာဥ်တွေအနေနဲ့ ကားတံခါးမှန်အားလုံး ဖွင့်လှစ်မောင်းနှင်ပေးကြဖို့နဲ့ အခုထုတ်ပြန်ချက်ကို မလိုက်နာတဲ့ မော်တော်ယာဥ်တွေကို တာဝန်ယူမှာမဟုတ်ဘူးလို့လည်း သူကဆက်ပြောပါတယ်။
မြင်းခြံခရိုင် အမှတ် ၄/၁၀ က တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်းကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၃၁၈ မှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပါသေးတယ်။
ခရီးသွားပြည်သူတွေအနေနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ မလိုအပ်ဘဲ ခရီးမသွားကြဖို့၊ ညပိုင်း အချိန်မတော် ခရီးမထွက်ကြဖို့နဲ့ တိုက်ပွဲတွေနဲ့ တွေ့ကြုံလာရင်လည်း ရှေ့ဆက်တိုးမသွားကြဘဲ နီးစပ်ရာ လုံခြုံတဲ့နေရာတွေမှာ နေထိုင်ကြဖို့ သတိပေးထားတယ်လို့လည်း သိရပါတယ်။