Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသွားများကို  PDF က ရှောင်တခင်စစ်ဆေး
DVB
·
December 24, 2024
Photo: နွားထိုးကြီး(PDF)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ခရီးသွားပြည်သူတွေကို ရှောင်တခင် စစ်ဆေးကာ တော်လှန်ရေးကာလ တိုက်ပွဲဖြစ်ပွားနေချိန် မလိုအပ်ဘဲ ခရီးမသွားဖို့ အသိပညာပေး လုပ်ဆောင်ခဲ့ကြောင်း နွားထိုးကြီး PDF ထံက သိရပါတယ်။

နွားထိုးကြီးမြို့နယ်နဲ့ မိတ္ထီလာမြို့နယ်ကြား အမြန်လမ်းမကြီး မိုင်တိုင် ၃၁၈ မှာ မြင်းခြံခရိုင် အမှတ် ၄ - ၁၀ တပ်ရင်း နွားထိုးကြီး PDF ရဲဘော်တွေက ဒီဇင်ဘာ ၂၃ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်မှာ ရှောင်တခင်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာလို့ နွားထိုးကြီး PDF တာဝန်ရှိသူတယောက်က ပြောပါတယ်။

“စစ်ဆေးမှုလုပ်တယ်ဆိုတာက စစ်ကောင်စီတပ်က အခုလောလောဆယ်မှာ ဒီလမ်းပိုင်းကို သူ့ရဲ့ ဌာနဆိုင်ရာက ဝန်ထမ်းတွေ၊ စစ်ကောင်စီတပ်သားတွေဖြစ်တဲ့ အရာရှိယာဉ်တန်းတွေကအစ အဲဒီလမ်းပေါ်ကနေ အသုံးပြု သွားလာနေတာကြောင့်ပါ။ ဒီနားက တမိုင်လောက် ပတ်ချာလည်မှာလည်း တပ်ဂိတ်တွေရှိတဲ့ကြားက ကျနော်တို့ ထိုးဖောက်ဝင်ပြီး ပြည်သူတွေကို ဆင်ခြင်နိုင်အောင် အသိပညာပေးရတာပါ။”

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၁၈ နဲ့ ၃၁၉ ကြားရှိ ရဲကင်းစခန်းကို ပြီးခဲ့တဲ့ရက်ပိုင်းက တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ဆေးတာတွေကို ထပ်မံပြုလုပ်လာတာလို့ သိရပါတယ်။

ဒါ့အပြင် ခရီးသွားပြည်သူတွေအနေနဲ့ ခရီးသွားလာနေချိန် တိုက်ပွဲဖြစ်ပွားမှုတွေနဲ့ ကြုံတွေ့ရပါက ရှေ့ဆက်တိုး သွားလာတာမျိုး မလုပ်ဆောင်ဘဲ နီးစပ်ရာ လုံခြုံရာနေရာမှာ နေထိုင်ဖို့နဲ့ ညအချိန်မတော် ခရီးသွားလာတာမျိုးကို မလုပ်ဆောင်ဖို့ကိုလည်း နွားထိုးကြီး PDF ရဲဘော်တွေက အသိပညာပေးခဲ့တယ်လို့ ခရီးသည်တင်ယာဥ် မောင်းနှင်သူတွေထံက သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၂၂ အနီးမှာ စစ်ကောင်စီတပ်က စစ်ကား ၃ စီးကို နွားထိုးကြီး PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024