ယူကရိန်းနိုင်ငံရဲ့ ၂၀၂၅ ခုနှစ်ကို အစပြုချိန်မှာပဲ ရုရှားကျူးကျော်စစ် စကတည်းက ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့် ကာဖျူးကြောင့် နိုင်ငံရဲ့ အထင်ကရ မိုက်ဒန်ရင်ပြင် (လွတ်လပ်ရေးကွင်းပြင်) မှာ လူသူကင်းမဲ့နေပါတယ်။
နှစ်သစ်ကူးမိန့်ခွန်း ဗီဒီယိုတခုထဲမှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ရုရှားရဲ့ ၃၄ လကြာ ကျူးကျော်မှုကို ရပ်တန့်ဖို့ ကြိုးပမ်းနေချိန်မှာ ဘယ်သူကမှ ယူကရိန်းနိုင်ငံကို ငြိမ်းချမ်းရေးလက်ဆောင် လာမပေးကြပေမဲ့ အမေရိကန်ပြည်ထောင်စုဟာ ကိယက်ဗ်နဲ့အတူ ရပ်တည်နေမယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
ခိုင်မာအားကောင်းတဲ့ ယူကရိန်းနိုင်ငံသာလျှင် ငြိမ်းချမ်းရေးကို ရယူနိုင်ပြီး ကမ္ဘာနဲ့အဝန်း လေးစားမှုကို ရရှိစေနိုင်မှာ ဖြစ်ကြောင်းလည်း သူ့ရဲ့ ၂၁ မိနစ်ကြာ နှစ်သစ်ကူး နှုတ်ခွန်းဆက် ဗီဒီယိုထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
မကြာခင်မှာ ရာထူးကနေ ထွက်ခွာသွားတော့မယ့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ အမေရိကန်ပြည်ထောင်စုရှိ ထောက်ခံသူတိုင်းနဲ့ ပြောဆို ဆွေးနွေးမှုတွေကိုလည်း ပြန်ပြောခဲ့ပါတယ်။
“အမေရိကန်သမ္မတသစ်ဟာ ရုရှားသမ္မတ ပူတင်ရဲ့ ရန်လိုမှုကို အဆုံးသတ်စေချင်ပြီး ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်မယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး” လို့လည်း ဇလန်းစကီးကလည်း ဆိုပါတယ်။
ရုရှားဟာ တိုက်ပွဲမှာဖြစ်စေ၊ ဆွေးနွေးပွဲမှာဖြစ်စေ ယုံကြည်ရမှာ မဟုတ်ကြောင်းလည်း ဇလန်းစကီးက ပြောပါတယ်။
ယူကရိန်းဟာ အမေရိကန် ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ကိယက်ဗ်နဲ့ စစ်ပွဲကို အမြန်အဆုံးသတ်မယ် ဆိုတဲ့ သူ့ရဲ့ကတိစကားတွေအပေါ် ထရမ့်ပ်ရဲ့ ပြစ်တင်ဝေဖန်မှုကို သတိထားနေရပေမဲ့ အမေရိကန်ရဲ့ ပံ့ပိုးကူညီမှု ဆက်လက်ရရှိရေးနဲ့ပတ်သက်လို့ အကောင်းမြင်ကြောင်း ဇလန်းစကီးက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ဘိုင်ဒင်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ရုရှားရဲ့ အလုံးစုံ ကျူးကျော်ခံရမှု နောက်ပိုင်း အနောက်နိုင်ငံတွေအကြား ယူကရိန်းအတွက် စစ်ရေးပံ့ပိုးမှုကို အများဆုံး ပေးထားတာပါ။
ယူကရိန်းဟာ ခက်ခဲတဲ့နှစ်ကို ကြံ့ကြံ့ခံထားပြီး ရုရှားတပ်ဖွဲ့တွေကလည်း ကျူးကျော်စစ် အစပိုင်းကတည်းကထက် အရှေ့ဘက်ကို မြန်မြန်ဆန်ဆန် ချီတက်လာကာ တရွာပြီးတရွာ သိမ်းပိုက်ခဲ့ပါတယ်။
Source : Reuters