Home
မြန်မာသတင်း
ပခုက္ကူတွင် စစ်တပ်ကား ၁ စီး တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး၊ သေနတ် ၄ လက်ရရှိ
DVB
·
January 1, 2025
Photo: Pakokku Ranger

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဒီဇင်ဘာ ၃၀ ရက် ညနေ ၄ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကားတစီးကို တိုက်ခိုက်ခဲ့လို့ ကားပေါ်လိုက်ပါလာတဲ့ စစ်သားတွေ သေဆုံးခဲ့သလို လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူ စက်မှုဇုန် ၁ လမ်းမှာပါ။ စက်မှုဇုန်ဂိတ်ကနေ မြို့ထဲကိုပြန်လာတဲ့  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးလာတဲ့ အဖြူရောင် ဟိုက်ဂျက်ကားကို သတင်းရလို့ စောင့်ပြီးပစ်ခဲ့တာလို့ Pakokku Ranger အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးသလို သေနတ် ၄ လက်လည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

Pakokku Ranger အဖွဲ့ရဲ့ တာဝန်ခံ Cloud က “ထိထိမိမိ ပစ်နိုင်ခဲ့ကြပါတယ်။ သူတို့ဘက်က ဘာမှလုပ်ချိန်မရလိုက်ဘူး။ ယာဥ်မောင်း သေပြီး ကားက လမ်းဘေးထိုးဆင်းသွားတာ။ သူတို့ဆီကနေ MA 3 သေနတ် ၄ လက်၊ ကျည်ဘောက် ၈ ခု၊ ကျည် ၁၆၈ တောင့်နဲ့ ဖုန်းတလုံး သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ကျနော်တို့ရဲဘော်တွေလည်း အထိအခိုက် မရှိကြပါဘူးဗျ။ အားလုံးပဲ ချောချောမောမော စခန်းအသီးသီးကို ပြန်ရောက်ကြပါပြီ” လို့ ပြောပါတယ်။

အဆိုပါပစ်ခတ်မှုကို Pakokku Ranger၊ Pakokku People Defense Force နဲ့ Young Force UG တို့ ပူးပေါင်းလုပ်ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာလည်း ပခုက္ကူမြို့က စက်မှုဇုန်လမ်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ကားကို ချောင်းမြောင်းတိုက်ခိုက်ခံလိုက်ရလို့ စစ်သား ၄ ယောက် ကျသွားတယ်လို့ ရေးသားဖော်ပြကြပါတယ်။

ဒီဇင်ဘာ ၁၅ ရက် ညဦးပိုင်းကလည်း ပခုက္ကူမြို့ရှောင်လမ်းမှာ တပ်မ ၁၀၁ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ Mark 2 အမျိုးအစား မော်တော်ယာဥ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်ထဲက ၄ ယောက်သေပြီး ၁ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013