ရခိုင်ပြည်နယ်မှာ စစ်ဒဏ်သင့်မြို့နယ် ၄ ခုက စစ်ရှောင် ၃,၀၀၀ ကျော်ကို ၂၀၂၄ ခုနှစ်အတွင်း စိတ်ကျန်းမာရေးနဲ့ လူမှုဆက်ဆံရေးဆိုင်ရာ ပံ့ပိုးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဒီဇင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင် ၆ သိန်းကျော်ရှိလာပြီဖြစ်ပြီး စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရတယ်လို့လည်း HDCO က ဆိုပါတယ်။
အဲဒီလို စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရတဲ့ စစ်ရှောင်တွေအနက် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်နဲ့ မောင်တောမြို့နယ်က လူမျိုးဘာသာမရွေးတဲ့ စစ်ဘေးရှောင် ၃,၃၇၅ ယောက်ကို HDCO နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး စိတ်ကျန်းမာရေးနဲ့ လူမှုဆက်ဆံရေးဆိုင်ရာ ပံ့ပိုးမှုအစီအစဉ်အဖြစ် စိတ်ပိုင်းဆိုင်ရာကုသမှုနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာလို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
လက်ရှိမှာလည်း အဲဒီလို စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကုသမှုနဲ့ ဆွေးနွေးမှုတွေကို ဆက်လက်ပြုလုပ်နေဆဲဖြစ်သလို နေ့စဥ်ဘဝမှာလည်း စိတ်ကျန်းမာရေး အသိအမြင်တွေ ဆက်လက်တိုးပွားနိုင်ဖို့နဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အယူအဆတွေကို လက်တွေ့ဘဝမှာ အသုံးချနိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ သိတတ်နားလည်တဲ့ လူပုဂ္ဂိုလ်တဦးတယောက်ချင်းစီက အခွင့်အလမ်းတွေ ဖန်တီးပေးဖို့၊ ကူညီဖေးမပေးဖို့၊ စိတ်လုံခြုံမှုဆိုင်ရာ အစီအမံတွေ ချမှတ် လုပ်ဆောင်ပေးကြဖို့ကိုလည်း HDCO က တိုက်တွန်းထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းက စစ်ရှောင်တွေကို အခုလို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကုစားပေးတာတွေဟာ အလွန်ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်ပြီး ကလေးတွေနဲ့ မသန်စွမ်းသူတွေအတွက် တိုးမြှင့်လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ မြောက်ဦးမြို့မှ တက်ကြွလူငယ်တယောက်က ပြောပါတယ်။
“ရခိုင်ပြည်သူတွေဟာ စစ်ဘေးဒဏ်ကို ခံနေကြရတာ တနှစ်ထက်မကတော့ဘူး။ ၂၀၁၈ ခုနှစ်ကတည်းက စတင်ခံစားနေကြရတာ။ အထူးသဖြင့် စစ်ကောင်စီက အရပ်သားတွေကို လေကြောင်း၊ လက်နက်ကြီးနဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုတွေဟာ ပြည်သူတွေရဲ့ လူမှုဘဝနဲ့ စိတ်လုံခြုံမှုကို အများကြီး ထိခိုက်စေတယ်။ ဒါ့အပြင် လက်ရှိတိုက်ပွဲမှာလည်း နိစ္စဓူဝ ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်နေတာကြောင့် ပြည်သူတွေဟာ အကြောက်တရားနဲ့ ရှင်သန်နေကြရတာကြောင့် ဒီလို စိတ်ပိုင်းဆိုင်ရာကုစားဖို့ အများကြီးလိုအပ်တယ်။ အထူးသဖြင့် ကလေးတွေ၊ မသန်စွမ်းတွေနဲ့ အမျိုးသမီးတွေ များများပြုလုပ်ပေးစေချင်တယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက တိုက်ပွဲပြင်းထန်နေကြတာဖြစ်ပြီး ၁ နှစ်အတွင်းမှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၆ သိန်းကျော်အထိ ရှိလာနေတာဖြစ်ပါတယ်။
ရခိုင်တိုက်ပွဲ တနှစ်ကျော်အတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၅ ခုအထိ သိမ်းပိုက်ထားပြီး စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် မြို့နယ် ၃ ခုကို ထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။
Photo : HDCO