ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရဲ့ ကမ္ဘာလှည့်ခရီးသည်တွေ အသွားများတဲ့ နာမည်ကြီး အမ်ဘာဟိုတယ်မှာ ဒီဇင်ဘာ ၂၉ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ နိုင်ငံခြားသား ၃ ယောက် သေဆုံးပြီး တခြား ၇ ယောက်လည်း ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
သေဆုံးသူ ၃ ယောက်မှာ ဘရာဇီးနိုင်ငံက အမျိုးသမီးတယောက်ကတော့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ယူကရိန်းနဲ့ အမေရိကန်တို့က အမျိုးသမီး ၂ ယောက်ဟာ ဆေးရုံမှာ သေဆုံးသွားကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၃၀ ရက်မှာ ကြေညာခဲ့ပါတယ်။
အထပ် ၆ ထပ်ရှိ အမ်ဘာဟိုတယ်ရဲ့ ပဉ္စမထပ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဘန်ကောက်မြို့ အုပ်ချုပ်ရေးမှူး ချဒ်ချာ့တ် ဆစ်တီပုန့်က ပြောကြားပါတယ်။
မီးလောင်မှု ဖြစ်ပွားတဲ့အခါ အာဏာပိုင်တွေက မြန်မြန်ဆန်ဆန် တုံ့ပြန်ပေမဲ့ မီးခိုးတွေက မြန်ဆန်တယ်လို့ ယူဆကြောင်း ချဒ်ချာ့တ်က ပြောပါတယ်။
ဟိုတယ်ဝန်ထမ်းတွေက မီးသတိပေးသံ မြည်နေတဲ့အတွက် တက်လာပေမဲ့ သူတို့ရောက်တဲ့ အချိန်မှာတော့ မီးက လောင်နေပြီလို့လည်း ဆိုပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းက စက်ပစ္စည်းတွေ ချွတ်ယွင်းလို့ ဖြစ်နိုင်တယ်လို့ ယူဆရပေမဲ့ စုံစမ်းမှုတွေ ပြီးအောင်လုပ်ဖို့ လိုအပ်ပြီး တချိန်တည်းမှာပဲ ယုံကြည်မှုတည်ဆောက်ပြီး ခရီးသွားတွေကို ကောင်းကောင်းဂရုစိုက်ဖို့ လိုအပ်ပါတယ်လို့လည်း သူက ဆိုပါတယ်။
အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ခရီးသွားလုပ်ငန်းက အဓိကမောင်းနှင်အား ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ နိုင်ငံခြားခရီးသွား ၃၂ သန်း ဝင်ရောက်မှု မှတ်တမ်းဝင်ခဲ့ပြီး မနှစ်ကထက် ၂၈ ရာခိုင်းနှုန်း တိုးလာတာဖြစ်ပြီး နိုင်ငံခြားသားတွေရဲ့ သုံးစွဲမှုက ဘတ် ၁ ဒသမ ၅ ထရီလီယံ ရှိပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားခင် ၂၀၁၉ ခုနှစ်တုန်းက ခရီးသွားဧည့်သည် အရေအတွက်ဟာ သန်း ၄၀ နီးပါး စံချိန်တင် ရောက်ရှိခဲ့ပါတယ်။
Source : Reuters