ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် ၂ ရပ်ကွက်၊ ဘုရားလမ်းမှာ ဒီဇင်ဘာ ၁၇ ရက် မနက် ၂ နာရီကျော်လောက်က ဝါယာရှော့ဖြစ်ပြီး နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူဆီက သိရပါတယ်။
မီးလောင်မှုကြောင့် သစ်သား ၂ ထပ်ပျဉ်ထောင်အိမ် ၁ လုံးနဲ့ ၁ ထပ် ပျဉ်ထောင်အိမ် ၁ လုံးတို့ မီးလောင်ဆုံးရှုံးပြီး ထိခိုက်သူမရှိဘူးလို့ ဆိုပါတယ်။
လူမှုကူညီရေးအသင်း တာဝန်ရှိသူက “အိမ်ကိုဆွဲတဲ့ ဆားဗစ်ကြိုးက လောင်တာ။ ဖြစ်ချင်တော့ အဲဒီအချိန်မှာ မီးစလာတယ်။ စလာချိန် တပြိုင်တည်း မီးကိုဆွဲလို့ဖြစ်မယ်။ ဝါယာကနေ စတယ်လို့ပဲ သိရတယ်။ တော်တော်များများကတော့ စက်ပစ္စည်းတွေ ကုန်သွားတယ်။ နေအိမ် ၂ လုံးက တန်ဖိုးမနည်းဘူး။ ပစ္စည်းတွေက များကြီးပဲ” လို့ ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားချိန် လေတိုက်ခိုက်မှုမရှိတာကြောင့် ဘေးအိမ်တွေကို မီးကူးစက်လောင်ကျွမ်းတာမရှိဘဲ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့နဲ့ မာဃ လူမှုကူညီရေးအသင်းဝင်တွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက် ၈ နာရီခွဲလောက်ကလည်း ဘားအံမြို့၊ မွေးမြူးရေးဇုန်မှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆောက်အဦ ၂ လုံး၊ မော်တော်ယာဉ် ၁ စီး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူဆီက သိရပါတယ်။