မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ တပတ်အတွင်း လူငယ် ၅၀ လောက်ကို စစ်ကောင်စီက ဖမ်းဆီးပြီး လေ့ကျင့်ရေးသင်တန်းကျောင်းဆီ ပို့လိုက်သလို ဧရာဝတီတိုင်း၊ ဓနုဖြူမြို့ကနေ ရန်ကုန်မြို့ကို အလုပ်သွားလုပ်ရင်း ပျောက်ဆုံးသွားတဲ့ လူငယ်တယောက်ဟာလည်း တပ်သားသစ်အဖြစ် စုဆောင်းခံထားရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
သထုံမြို့နယ်ထဲက ကျေးရွာတချို့မှာ စစ်ကောင်စီက ဖျော်ဖြေပွဲနဲ့အတူ လောင်းကစားဝိုင်းတွေ ပြုလုပ်နေပြီး အခုလ တတိယပတ်အတွင်းမှာ ဒေသခံလူငယ် ၅၀ လောက်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ သထုံမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က DVB ကို ပြောပါတယ်။
“စစ်ကောင်စီဘက်က အခုလုပ်နေတဲ့ပုံစံက ပွဲလာတဲ့သူတွေအပြန်မှာ ဆိုင်ကယ်စစ်ဆေးသလိုနဲ့ ဖမ်းခေါ်သွားပြီး သွားပြန်ရွေးရင် ဆိုင်ကယ်တန်ဖိုးနဲ့ ဆိုင်ကယ်ကို ပြန်ရွေးထုတ်ရပြီး လူကိုတော့ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာ အခြေစိုက် တကက-၄ တပ်မတော်တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်းကို စစ်မှုထမ်းပို့ပစ်တာ”
သထုံမြို့နယ်၊ ဆိပ်ကျွန်းကျေးရွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့က ဆယ်လီမင်းသား ဟိန်းသူအောင်ဖျော်ဖြေပွဲက ပြန်လာတဲ့ လူငယ် ၃၀ ကျော်ကို စစ်ကောင်စီအဖွဲ့က ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ ရွာခံတွေဆီက သိရပါတယ်။
စစ်ကောင်စီအဖွဲ့အနေနဲ့ စစ်မှုထမ်းလိုအပ်နေတာကြောင့် ဆိုင်ကယ်စစ်ဆေးတဲ့ပုံစံမျိုးနဲ့ ဖမ်းဆီးပြီး ငွေသိန်းဆယ်ချီ ပေးနိုင်တဲ့သူတွေကိုတော့ ပြန်လွှတ်ပေးပေမဲ့ ငွေမပေးနိုင်သူတွေကိုတော့ စစ်မှုထမ်းဖို့ ဆက်ဖမ်းထားတယ်လို့ ဖမ်းဆီးခံခဲ့ရသူတွေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ဟိန်းသူအောင် ဖျော်ဖြေပွဲသွားပြီး အပြန်မှာ ဆိုင်ကယ်လိုင်စင်မရှိလို့ဆိုပြီး အဖမ်းခံရတာ။ စခန်းမှာ လိုက်ရွေးရတာ ငွေသိန်း ၂၀ နဲ့။ လူတိုင်းကိုတော့ မဟုတ်ဘူးပေါ့။ တောင်းလို့ရမယ့် လူမျိုးဆိုရင် တောင်းတော့တာပဲ။ တချို့ကျတော့လည်း ဆိုင်ကယ်ကိုသာ ပြန်ရွေးလို့ရပြီး လူကိုတော့ ပြန်မလွှတ်တော့ဘူး။ ၂၆ ရက်နေ့ကလည်း ကတိုက်ကြီးရွာဘက်မှာ ပေါ်တာဆွဲနေတယ်ဆိုပြီး သတင်းကြားလို့ ဇာတ်ပွဲသွားကြည့်မယ့်လူငယ်တွေ တယောက်မှ မသွားရဲကြတော့ဘူး” လို့ ပြောပါတယ်။
စစ်တပ်က ခွင့်ပြုပေးနေတဲ့ ဖျော်ဖြေပွဲနဲ့ လောင်းစားဝိုင်းတွေပြုလုပ်ပြီး မြို့ခံလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့အပေါ် ပွဲစီစဉ်သူ၊ ခွင့်ပြုမိန့်ပေးသူနဲ့ ပါဝင်ဖျော်ဖြေတဲ့ အနုပညာရှင်တွေကိုပါ မကျန် ထိထိရောက်ရောက် အရေးယူသွားမယ်လို့ သထုံမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တွေက အသိပေး ကြေညာထားပါတယ်။
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့ကနေ ရန်ကုန်မြို့ကို အလုပ်သွားလုပ်ရင်း ပျောက်ဆုံးသွားတဲ့ လူငယ်တယောက်ကို ရန်ကုန်မှာ စစ်ကောင်စီတပ်ကပေါ်တာဆွဲဖမ်းဆီးပြီး တပ်သားသစ် စုဆောင်းထားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၆ ရက်က ဓနုဖြူမြို့နယ်ကနေ ရန်ကုန်မြို့ကို အလုပ်လုပ်ဖို့တက်လာတဲ့ အသက် ၂၃ နှစ်အရွယ် ကိုအောင်မျိုးမြင့်ဟာ မိသားစုဝင်တွေနဲ့ မနက် ၉ နာရီလောက်အထိ ဖုန်းအဆက်အသွယ် ရပြီးနောက်ပျောက်ဆုံးသွားပြီး ဒီဇင်ဘာ ၂၃ ရက်ကမှ ဖုန်းအဆက်အသွယ်ပြန်ရပြီး စစ်ကောင်စီတပ်က ပေါ်တာဆွဲ စစ်သားစုဆောင်းခံရတယ်ဆိုတာကို သိရတာလို့ ဆိုပါတယ်။
မိသားစုနဲ့ နီးစပ်သူတယောက်က “ကိုအောင်မျိုးမြင့်နဲ့ သူ့မိသားစုဝင်တွေ ဖုန်းအဆက်အသွယ် ပြန်ရတယ်လို့ သိရတယ်။ ရန်ကုန်အဝေးပြေးကားပေါ်ကနေ ဆင်းတဲ့အချိန် လူ ၅ ယောက်က ဖမ်းခေါ်ပြီး ဒညင်းကုန်း တပ်သားသစ်စုဆောင်းရေးတပ်ထဲကို အပို့ခံရတာပါတဲ့” လို့ ပြောပါတယ်။
ကိုအောင်မျိုးမြင့်နဲ့ အဆက်အသွယ်ပြန်လည်ရရှိပြီးနောက် မိသားစုဝင်တွေက ရန်ကုန်မြို့၊ ဒညင်းကုန်း တပ်သားသစ်စုဆောင်းရေးတပ်ကိုလိုက်သွားပေမဲ့ တွေ့ခွင့်မပေးသလို လက်ရှိအချိန်အထိ ပြန်လွှတ်မပေးသေးဘူးလို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂၀ ရက်ကလည်း ဓနုဖြူနဲ့ ကျုံပျော်က လူငယ်တချို့ စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ကျုံပျော်မြို့နယ်ကနေ ဓနုဖြူမြို့နယ်ကို ကားနဲ့ခေါ်ဆောင်လာတုန်း ကားပေါ်ကနေ ခုန်ချထွက်ပြေးသွားသေးတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။