မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ပြီးခဲ့တဲ့ ၂ ရက်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ဒေသခံအမျိုးသမီး ၂ ယောက် သေဆုံးပြီး အမျိုးသား ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဂန့်ဂေါဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၂၆ ရက်နေ့ညမှာ စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ရှုံးရှီကျေးရွာက မြေးအဖိုး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒီဇင်ဘာ ၂၇ ရက် ညနေ ၃ နာရီကျော်မှာတော့ ဇဟောရွာက အသက် ၇၀ ကျော်အရွယ် ဒေါ်သာလိနဲ့ အသက် ၂၀ ကျော်အရွယ် မမီးဝေတို့ စစ်ကောင်စီလက်နက်ကြီးကြောင့် ထိခိုက်သေဆုံးခဲ့တာပါ။
စစ်တပ်ရဲ့လက်နက်ကြီးက ဒေါ်သာလိ အိမ်ကို ကျရောက်ခဲ့လို့ ဒေါ်သာလိဟာ ကိုယ်ခန္ဓာ အစိတ်စိတ်အပိုင်းပိုင်းဖြစ်ပြီး နေအိမ်မှာ ပွဲချင်းပြီးသေဆုံးခဲ့တာ ဖြစ်ပါတယ်။
မမီးဝေကတော့ ရွာထဲကို ဈေးသွားဝယ်ရင်း လမ်းမှာ ဦးခေါင်းကို လက်နက်ကြီးစမှန်ပြီး ထိခိုက်သေဆုံးခဲ့တာလို့ ဂန့်ဂေါဒေသခံတယောက်က DVB ကို ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရှုံးရှီရွာက မြေးအဘိုး ၂ ယောက်ကတော့ ဆေးဝါးကုသမှုခံယူနေရပြီး မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
လက်နက်ကြီးတွေကို ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်က ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဇဟောရွာဟာ ဂန့်ဂေါမြို့နဲ့ ၂ မိုင်လောက် ကွာဝေးပြီး အိမ်ခြေ ၇၀၀၊ လူဦးရေ ၂၀၀၀ ကျော် နေထိုင်တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် တောင်ခင်ရန်းရွာက အသက် ၇၀ ကျော်အရွယ် ဦးဝင်းလွင် ခြေထောက်ကို လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ပါသေးတယ်။
လက်နက်ကြီးပစ်ခတ်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်လေ့မရှိသလို ကျေးရွာတွေဘက်မှာ ဘာတိုက်ပွဲမှမရှိဘဲ အကြောင်းမဲ့ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့အထိ စစ်ကောင်စီကြောင့် အရပ်သား ၆၀၈၇ ယောက် သေဆုံးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းပြုစုချက်အရ သိရပါတယ်။