
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲနဲ့ တခြား ကုလသမဂ္ဂဝန်ထမ်းတွေ ယီမင် ဆာနားလေဆိပ်ကို ရောက်လာချိန် အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၆ ယောက်ထက်မနည်း သေဆုံးခဲ့ရပါတယ်။
WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒနမ် ဂေဘရီယေးဆပ်စ်က “သူတို့ လေယာဉ်ပေါ်ကအဆင်း လျှောက်လမ်းကို ရောက်ချိန် တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်” လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် လူ ၃ ယောက် သေဆုံးပြီး ၃၀ ဒဏ်ရာရတယ်လို့ ဟူသီသတင်း အေဂျင်စီတခုက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဟိုဒီဒန်ဒေသမှာလည်း လေကြောင်းတိုက်ခိုက်ခံရတာကြောင့် လူ ၃ ယောက် ထပ်မံသေဆုံးခဲ့ပြီး ၁၀ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲနဲ့အဖွဲ့ဟာ ဖမ်းဆီးခံ ကုလဝန်ထမ်းတွေကို ပြန်လွှတ်ပေးရေး၊ ကျန်းမာရေးနဲ့ လူသားချင်း အကူအညီပေးရေးတို့ ဆွေးနွေးဖို့ ယီမင်ကို ရောက်နေတာလို့ တက်ဒရော့စ်က ဆိုရှယ်မီဒီယာ X မှာ ဖော်ပြထားပါတယ်။
“ကျနော်တို့ လျှောက်လမ်းက ထွက်ခွာလာခြင်း မီတာအနည်းငယ်အရောက်မှာ တိုက်ခိုက်ခံရတာပါ။ လျှောက်လမ်းလည်း ပျက်စီးခဲ့ပါတယ်။ ယီမင်နဲ့ အစ္စရေးတို့ရဲ့ စစ်ရေးအရှိန် မြင့်တက်မှုကို ကျနော် ဝမ်းနည်းမိပါတယ်။ တခြားဒေသတွေမှာလည်း ဒီလို အဖြစ်အပျက်တွေ ဖြစ်မှာ စိတ်ပူမိပါတယ်။”
အစ္စရေးကာကွယ်ရေးအဖွဲ့က ဟူသီသူပုန်တွေရဲ့ စစ်အသုံးအဆောင်တွေရှိတဲ့ ဆာနားလေဆိပ်နဲ့ ဟတ်ယက်၊ ကာနာတစ် ဓာတ်အားပေးနေရာတွေကို တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့အပတ်က ဟူသီတွေ တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တစင်းကြောင့် လူ ၁ ဒါဇင်ကျော် ဒဏ်ရာရခဲ့ပါတယ်။
ဆာနားလေဆိပ် အပါအဝင် ပြည်သူတွေရဲ့ အဆောက်အအုံတွေ၊ လူဒါဇင်ချီပြီး ဒဏ်ရာရမှု၊ လူ ၆ ယောက် သေဆုံးခဲ့တဲ့ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူး အန်တိုယို ဂူတာရပ်စ်က ရှုတ်ချခဲ့ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ ထုတ်ပြန်ချက်မှာ နိုင်ငံတကာဥပဒေ၊ လူသားချင်းစာနာမှု ဥပဒေတွေကို အချိန်တိုင်း လေးစားရမယ်လို့ ပါရှိပြီး ပြည်သူတွေနဲ့ ပြည်သူပိုင် အဆောက်အဦတွေကို ကာကွယ်ဖို့ လေးစားဖို့ မေတ္တာရပ်ခံထားပါတယ်။
Source : Reuters