
ဂါဇာရှိ ဟားမတ်စ်တွေနဲ့ ဆက်လက် လုပ်ဆောင်နေတဲ့ ဓားစာခံပြန်လွှတ်ရေး ညှိနှိုင်းမှုတွေမှာ သေချာတဲ့တိုးတက်မှု တချို့တလေ ရှိပေမဲ့ ရလဒ်တွေမြင်ဖို့ ဘယ်လောက်ကြာမယ် ဆိုတာတော့ မသိသေးဘူးလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောပါတယ်။
ဒီဇင်ဘာ ၂၃ ရက်က အစ္စရေးနိုင်ငံရဲ့ နတ်ဆတ်လွှတ်တော်မှာ မိန့်ခွန်းပြောကြားချိန် ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ဒီတိုးတက်မှုကလည်း အဓိကအကြောင်းရင်း ၃ ချက်ကြောင့်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
အစ္စရေးဟာ စစ်မျက်နှာစာများစွာမှာ စစ်ရေးအရ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပြီး ဟားမတ်စ်အပေါ် စစ်ရေးဖိအားပေးမှုကြောင့် သူတို့ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အရင်တောင်းဆိုချက်တွေကို လျှော့ပေါ့ခဲ့ကြတာဖြစ်ကြောင်း နေတန်ယာဟုက ပြောပါတယ်။
ဓားစာခံတွေအားလုံးကို ရန်သူရဲ့မြေကနေ ကိုယ့်နိုင်ငံ၊ ကိုယ့်အိမ်ကို ပြန်မခေါ်နိုင်သေးမချင်း ခေတ္တခဏလောက်တောင် ရပ်ဆိုင်းမနေဘဲ ဘယ်နည်းနဲ့မဆို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ နေတန်ယာဟုက ပြောပါတယ်။
အစ္စရေးကို ချေမှုန်းပစ်မယ်လို့ ခြိမ်းခြောက်နေတဲ့ အီရန်ကိုလည်း မျက်စိမမှိတ်တမ်း စောင့်ကြည့်နေပြီးတော့ နျူလက်နက်တွေ၊ တခြားလက်နက်တွေနဲ့ အစ္စရေးရဲ့မြို့တွေကို ခြိမ်းခြောက်နေတဲ့ အီရန်ကိုလည်း ရပ်တန့်ဖို့ ဆုံးဖြတ်ထားပါတယ်လို့လည်း ဆိုပါတယ်။
အစ္စရေးဟာ သူ့ရဲ့ရပ်တည်ချက်ကို “ဒေသတွင်း အာဏာပါဝါ” အဖြစ် ခိုင်မာစေခဲ့ကြောင်းနဲ့ အေဘရာဟင်မ် သဘောတူစာချုပ်ကိုလည်း အစ္စရေးရဲ့ “အမေရိကန်မိတ်ဆွေတွေ”နဲ့အတူ တိုးချဲ့ဖို့ စီစဉ်ထားကြောင်း ဝန်ကြီးချုပ် နေတန်ယာဟုက အတိုက်အခံအဖွဲ့ဝင်တွေဆီက လှောင်ပြောင်ရန်လိုမှု မှတ်ချက်တွေ ရှိတဲ့ကြားကပဲ ပြောသွားပါတယ်။
အေဘရာဟင်မ် သဘောတူစာချုပ် ဆိုတာဟာ အစ္စရေးနဲ့ အာရပ်နိုင်ငံအားလုံးရဲ့ သံတမန်ဆက်ဆံရေးကို ပုံမှန်ပြန်လည်ရရှိစေဖို့ ရည်ရွယ်ထားတဲ့ သဘောတူညီချက်တွေ ဖြစ်ပါတယ်။
အစ္စရေးရဲ့ စီးပွားရေးကလည်း အားကောင်းနေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကိုလည်း ရင်းနှီးမြှုပ်နှံကြဖို့ တိုက်တွန်းထားတယ်လို့ နေတန်ယာဟုက ပြောကြားခဲ့ပါတယ်။
Source: Reuters
Source : Reuters