
အစ္စရေးဟာ ဟားမတ်စ်နဲ့ ဟစ်ဇ်ဘိုလာတို့ကို အနိုင်ယူပြီး ဆီးရီးယားမှာ အာဆတ်အစိုးရကို ဖြုတ်ချခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်ဇ်က ဒီဇင်ဘာ ၂၃ ရက်မှာ ပြောကြားခဲ့ပြီး ဇူလိုင်လတုန်းက အီရန်မှာ ဟားမတ်စ်ခေါင်းဆောင် အစ္စမိုင် ဟာနီယေးကို အစ္စရေးက သတ်ဖြတ်ခဲ့ကြောင်းလည်း ပထမဆုံးအကြိမ် လူသိရှင်ကြား ပြောလိုက်ပါတယ်။
အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့ ညနေပိုင်း အခမ်းအနား အဖွင့်မိန့်ခွန်းမှာ ကတ်ဇ်က ထည့်သွင်းပြောကြားခဲ့တာပါ။
အစ္စရေးဟာ သူတို့ရဲ့ မဟာဗျူဟာကျတဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးပစ်မှာဖြစ်ပြီး တီဟီရန်၊ ဂါဇာနဲ့ လက်ဘနွန်မှာရှိကြတဲ့ သူတို့ရဲ့ခေါင်းဆောင်တွေ ဟာနီယေး၊ ဆင်န်ဝါနဲ့ နက်စ်ရယ်လာ တို့ကို လုပ်ခဲ့သလိုပဲ ဟိုဒေးဒါနဲ့ ဆာနာမှာလည်း လုပ်ဆောင်သွားမယ်လို့ ကတ်ဇ်က ကာကွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းတွေအတွက် ညနေခင်း ဂုဏ်ပြုပွဲမှာ ပြောကြားခဲ့ပါတယ်။
အစ္စရေးရဲ့ ဂါဇာစစ်ပွဲနဲ့ လက်ဘနွန် တိုက်ပွဲတွေကြောင့် တုန်လှုပ်နေရတဲ့ ဒေသတွင်းမှာ တီဟီရန်နဲ့ သူ့ရဲ့ မဟာရန်သူတော် အစ္စရေးတို့ကြား တင်းမာမှုတွေ ထပ်ပြီး ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
ယီမင်ရှိ အီရန်ကျောထောက်နောက်ခံပြုအဖွဲ့ဟာ ပင်လယ်နီအတွင်း ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်နေပြီးတော့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို အစ္စရေးနိုင်ငံအတွင်း ပစ်လွှတ်နေတာဖြစ်ပြီး သူတို့ရဲ့ အစ္စရေးရဲ့ တနှစ်ကြာ ဂါဇာစစ်ပွဲမှာ ပါလက်စတိုင်းတွေဘက်က စည်းလုံးညီညွတ်စွာ ရပ်တည်နေတယ်လို့ ပြောပါတယ်။
ဇူလိုင်လနှောင်းပိုင်းက ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်ရဲ့ နိုင်ငံရေးခေါင်းဆောင် ဟာနီယေးကို တီဟီရန်မှာ လုပ်ကြံသတ်ဖြတ်ခဲ့မှုကို အဲဒီအချိန်က အစ္စရေးက တိုက်ရိုက် တာဝန်ယူပြောဆိုမှု မရှိခဲ့ပါဘူး။
နောက်လတွေမှာ ဂါဇာရှိ အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဟာနီယေးကို ဆက်ခံသူနဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို ဖန်တီးကြိုးကိုင်သူ ယာယျာ ဆင်န်ဝါကို သတ်ဖြတ်ခဲ့ပါတယ်။
Source : Reuters