Home
နိုင်ငံတကာ
ဟူသီသူပုန်က အစ္စရေးကို ပဲ့ထိန်းဒုံးဖြင့်တိုက်ခိုက်၊ ဂါဇာတွင် သေဆုံး ပါလက်စတိုင်းဦးရေ ၄၅၂၀၆ ဦးထိ မြင့်တက်
DVB
·
December 22, 2024
Photo: Reuters

ယီမင်အခြေစိုက် ဟူသီသူပုန်တွေဟာ အစစ်ရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ စစ်ရေးပစ်မှတ်ကို အသံထက်မြန်တဲ့ ဟိုက်ပါဆောနစ် ပဲ့ထိန်းဒုံးကျည်နဲ့ အောင်မြင်စွာ ပစ်ခတ်ခဲ့ကြောင်း ဒီဇင်ဘာ ၂၁ ရက်ကအခိုင်အမာ ပြောကြားခဲ့ပြီး ဒါဟာ အစ္စရေးကို နောက်ထပ် တာဝေးပစ် တိုက်ခိုက်မှု ကြိုးပမ်းချက် အမှတ်အသားလည်း ဖြစ်ပါတယ်။

ဟူသီအဖွဲ့ရဲ့ ဒုံးကျည်တပ်ဖွဲ့ဟာ ပါလက်စတိုင်း-တူး လို့ နာမည်ပေးထားတဲ့ အသံထက်မြန်တဲ့ ပဲ့ထိန်းဒုံးကျည်ကို အသုံးပြုပြီးတော့ တဲလ်အဗစ်ရှိ စစ်ရေးပစ်မှတ်ကို ပစ်မှတ်ထားခဲ့ကြောင်း ဟူသီစစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ယာယျာဆာရီး က ရုပ်မြင်သံကြားကနေ ထုတ်ပြန် ပြောပါတယ်။

"ဒုံးကျည်ဟာ ပစ်မှတ်ကို တိတိကျကျ ထိမှန်ခဲ့ပြီး ခံစစ်နဲ့ ကြားဖြတ်စနစ်တွေကြောင့် အစ္စရေးက တန်ပြန် မတားဆီးနိုင်ခဲ့ဘူး" လို့လည်း သူက ဆိုပါတယ်။

အစ္စရေးစစ်တပ်ကလည်း စနေနေ့အစောပိုင်းက  တဲလ်အဗစ်မြို့ရှိ ဂျက်ဖှာ ဧရိယာမှာ ကျရောက်ခဲ့တဲ့ ယီမင်နိုင်ငံမှ ဒုံးကျည်တစင်းကို ကြားဖြတ်ဟန့်တားနိုင်ခြင်း မရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး အရေးပေါ် လူနာတင်ယာဉ် ဝန်ဆောင်မှုအဖွဲ့ကလည်း လူ ၁၄ ဦး ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အစ္စရေးလေတပ် (IAF) ဟာ ယီမင်မှ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ကို ကြားဖြတ်ဟန့်တားနိုင်ခြင်း မရှိခဲ့ကြောင်း အစ္စရေးစစ်တပ်က အတည်ပြုခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်  မနက်အစောကြီး ဒေသစံတော်ချိန် မနက် ၃ နာရီ ၄၇ မိနစ်မှာ အစ္စရေးအလယ်ပိုင်းမှာ အချက်ပေးဥဩသံတွေ မြည်နေခဲ့တယ် လို့ ဆိုပါတယ်။

ဂါဇာရှိ ပါလက်စတိုင်းတွေနဲ့ စည်းလုံးညီညွတ်မှုရှိနေကြောင်း ပြသတဲ့ လုပ်ရပ်အဖြစ် ဟူသီတွေဟာ အစ္စရေးဘက်ကို ဒရုန်းတွေနဲ့ ဒုံးကျည်တွေကို အကြိမ်ကြိမ် ပစ်ခတ်နေခဲ့တာပါ။ ဒီဇင်ဘာ ၁၉ ရက်ကအစ္စရေးဟာ ယီမင်ရှိ ဟူသီထိန်းချုပ်ထားတဲ့ နယ်မြေအစိတ်အပိုင်းတွေရှိ ဆိပ်ကမ်းတွေနဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ပြီး ယီမင်အဖွဲ့ကို နောက်ထပ်လည်း တိုက်ခိုက်သွားဦးမှာ ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ဂါဇာကမ်းမြောင် အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ လွတ်မြောက်ရေး ဆွေးနွေးပွဲတွေ ၉၀ ရာခိုင်နှုန်း ပြီးမြောက်သွားပေမဲ့ အဓိကကျတဲ့ ကိစ္စရပ်တွေကို ပေါင်းကူးဖို့ လိုအပ်တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ပါလက်စတိုင်း အကြီးတန်း အရာရှိတဦးက ဘီဘီစီကို ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းသေဆုံးသူဦးရေဟာ ၄၅,၂၀၆ ဦးအထိ မြင့်တက်လာပြီး တခြားလူ ၁၀၇,၅၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်တွေက သောကြာနေ့မှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

သောကြာနေ့မွန်းလွဲပိုင်းမှာ အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဂါဇာအလယ်ပိုင်းက နူဆေးရတ် ဒုက္ခသည်စခန်းမှာရှိတဲ့ တိုက်ခန်းတစ်ခန်းကို ထိမှန်ခဲ့ပြီး ပါလက်စတိုင်း ၈ ယောက် ထက်မနည်း သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

အဲဒီညနေနှောင်းပိုင်းမှာပဲ အစ္စရေးက ဂါဇာမြောက်ပိုင်းက ဂျဘာလီယာမြို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၇ ယောက်အပါအဝင် ၁၀ ယောက်သေဆုံးပြီး တခြားလူအများအပြား ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း တရားဝင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

ဆက်ဖြစ်နေတဲ့ ပဋိပက္ခဟာ ဂါဇာကလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေကို ပိုဆိုးရွားသွားစေပါတယ်။

အစ္စရေးစစ်သားတွေဟာ ဂါဇာကမ်းမြောင်ရဲ့ မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ ဂါဇာကမ်းမြှောင်အလယ်ပိုင်းက ကျဉ်းမြောင်းတဲ့ နတ်ဇာရင်မ် စင်္ကြံဒေသထဲမှာ လက်နက်မဲ့ ပါလက်စတိုင်းအရပ်သားတွေကို မခွဲခြားဘဲ သတ်ဖြတ်ခဲ့တာကို ဝန်ခံခဲ့တယ်လို့ အစ္စရေးသတင်းစာ ဟားရက်ဇ်က  ဖော်ပြခဲ့ပါတယ်။

ဒီစင်္ကြံဒေသထဲက အစ္စရေးစစ်သားတွေက ဧရိယာဆီ ချဉ်းကပ် လာသူတိုင်းကို ပစ်သတ်ဖို့ အမိန့်ပေးထားပြီး အလောင်းတွေကို ခွေးတွေအတွက် ထားခဲ့ရင်း စင်္ကြံ ဒေသကို "အသေကောင် များမျဉ်း"လို့ နာမည်ပေးထားတဲ့အကြောင်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဒီစင်္ကြံဒေသထဲမှာ အသတ်ခံခဲ့ရတဲ့ ပါလက်စတိုင်းတွေအားလုံးဟာ ဟားမတ်စ်အဖွဲ့ဝင်တွေအဖြစ် သတ်မှတ်ခံထားရတယ်လို့ အစ္စရေးအရာရှိတယောက်ကို ကိုးကားပြီး အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အစ္စရေးစစ်တပ်က စစ်သွေးကြွ ၂၀၀ သေဆုံးခဲ့တယ်လို့ အခိုင်အမာပြောပေမဲ့ ဟားမတ်စ်အဖွဲ့ဝင် ၁၀ ယောက်ကိုသာ အတည်ပြုနိုင်ခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013