ဆီးရီးယားနိုင်ငံတောင်ပိုင်း၊ ဂိုလန်ကုန်းမြင့်ရှိ စစ်မဲ့ဇုန်အတွင်းမှာ ဆောင်းလတွေအတွင်း အစ္စရေးတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးကို သေချာစေဖို့ ယာယီစစ်ရေးစခန်းတွေကို တည်ဆောက်ဖို့ ရည်ရွယ်ထားကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ဒီဇင်ဘာ ၂၅ ရက်မှာ ပြောကြားခဲ့တယ်လို့ အစ္စရေးမီဒီယာတွေက ဖော်ပြပါတယ်။
အစ္စရေးစစ်တပ် မော်တော်ယာဉ်တွေဟာ အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်နဲ့ ဆီးရီးယားတို့အကြား ပိုင်းခြားထားတဲ့ ကုလသမဂ္ဂ စောင့်ကြည့်တဲ့ စစ်မဲ့ကြားခံဇုန် နယ်မြေအတွင်းကို ဒီဇင်ဘာ ၂၅ ရက်က ဝင်ရောက်ခဲ့ကြပါတယ်။
ဒီဇင်ဘာလ အစောပိုင်းက ဘာရှား အယ်လ်-အာဆတ် အစိုးရ ပြုတ်ကျပြီးနောက်မှာ အစ္စရေးစစ်တပ်က ဂိုလန်ကုန်းမြင့်ရှိ ကြားခံဇုန်ကို သိမ်းပိုက်ခဲ့တာကြောင့် ကုလသမဂ္ဂက ရှုတ်ချခဲ့ပြီး “ကုလသမဂ္ဂဟာ ဂိုလန်ကုန်းမြင့်ကို ဆီးရီးယားပိုင် သိမ်းပိုက်ခံထားရတဲ့ နယ်မြေအဖြစ် ဆက်လက်သတ်မှတ်တယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ကြားခံဇုန်ကို သိမ်းပိုက်လိုက်ပြီးနောက် မကြာခင်မှာပဲ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးလ် ကတ်ဇ်က စစ်တပ်ကို ဆောင်းရာသီတလျှောက်လုံး ရှိနေအောင် ပြင်ဆင်ထားဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုဟာ အစ္စရေးနယ်စပ် လုံခြုံရေးအတွက် အကန့်အသတ်နဲ့ ယာယီအစီအမံတခုအဖြစ် အစ္စရေး တာဝန်ရှိသူတွေက ဖော်ပြခဲ့ပေမဲ့ တပ်ဖွဲ့ဝင်တွေကို ဘယ်အချိန်မှာ ပြန်ရုပ်သိမ်းမယ် ဆိုတာကိုတော့ မဖော်ပြခဲ့ပါဘူး။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဂိုလန်ကုန်းမြင့်မှာ ကာလရှည် ငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်ကို ၆ လ သက်တမ်းတိုးခဲ့ပြီး အဲဒီဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေကြောင့် တင်းမာမှုတွေ တိုးမြင့်လာမှာကို စိုးရိမ်ကြောင်း ဖော်ပြခဲ့ပါတယ်။
အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဆီးရီးယားနယ်မြေထဲကို နောက်ထပ် ၇ ကီလိုမီတာအကွာကို ထပ်တိုးလာခဲ့ပြီး မြို့အများအပြားကို ရောက်ရှိလာခဲ့ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ SOHR က ဗုဒ္ဓဟူးနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အစ္စရေးစစ်တပ်ကတော့ သူ့တပ်ဖွဲ့တွေဟာ အစ္စရေးမြောက်ပိုင်းမှာ နေထိုင်သူတွေကို အကာအကွယ်ပေးဖို့ ဆီးရီးယားတောင်ပိုင်းရှိ ကြားခံဇုန်အတွင်းနဲ့ ဗျူဟာမြောက် ပွိုင့်နေရာတွေအတွင်း စစ်ဆင်ရေး လုပ်ဆောင်နေကြောင်း ပြောပါတယ်။
ဆီးရီးယားနိုင်ငံတောင်ပိုင်း ဂိုလန်ကုန်းမြင့်ကို အစ္စရေးစစ်တပ်ရဲ့ သိမ်းပိုက်မှုကို ဆန့်ကျင်ဆန္ဒပြတဲ့ အုပ်စုတစုကို အစ္စရေးစစ်တပ်က ဗုဒ္ဓဟူးနေ့မှာ ပစ်ခတ်ခဲ့လို့ လူ ၃ ယောက် ဒဏ်ရာရခဲ့ကြောင်း အစ္စရေးနဲ့ ဆီးရီးယား မီဒီယာတွေက ဖော်ပြပါတယ်။
အစ္စရေးစစ်တပ်ကတော့ ဆန္ဒပြ ဒေသခံတွေဟာ အစ္စရေးစစ်တပ်နားကို ချဉ်းကပ်ဖို့ ကြိုးပမ်းခဲ့တာကြောင့် အစ္စရေးစစ်သားတွေက သတိပေး ပစ်ခတ်ခဲ့ပြီး ဆန္ဒပြသူတွေကို ထွက်ခွာဖို့ တောင်းဆိုခဲ့ကြောင်း ပြောပါတယ်။
အစ္စရေးစစ်တပ်က ဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေပြီး အဲဒီဒေသမှာ တပ်ဖြန့်ချမှုကို ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။
Source : Reuters