
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လက်ပံပင်ရွာ (တွီးမွူး) ကျေးရွာမှာ PNO ပြည်သူ့စစ်က အရွယ်ရောက်ပြီးသား အမျိုးသမီးတိုင်းကို စစ်သင်တန်းတက်ခိုင်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီဇင်ဘာလ ပထမပတ်မှာ တက်ရပြီး ပထမအသုတ် ၁၅ ရက် ပြီးဆုံးပြီဖြစ်ကာ စစ်သင်တန်းကို လက်ပံပင် (တွီးမွူး) ရွာအနီး တောင်ခြေမှာ ပြုလုပ်တယ်လို့ ပြောပါတယ်။
ကျေးရွာခံအမျိုးသမီးတယောက်က “PNO က တက်ခိုင်းတယ်။ ကျေးရွာက အပျို လူပျို အကုန်သွားတက်ရတယ်။ မတက်ရင်လည်း လူအများနဲ့နေရတော့ မင်းက PDF က စသဖြင့် ပြောကြတော့ ကြောက်ကြောက်နဲ့ သွားရတယ်။ တကယ်စိတ်ပါလို့တော့ မဟုတ်ဘူး။ တက်တဲ့အထဲဆို ကျောင်းဆက်မတက်ဘဲ အမျိုးသမီးငယ် ၅ ဦးပါတယ်” လို့ ပြောပါတယ်။
သင်တန်းပထမသုတ်က အမျိုးသား၊ အမျိုးသမီး ၅၀ ကျော်ဖြစ်ပြီး လက်ရှိမှာ သင်တန်းပြီးဆုံးပြီဖြစ်လို့ PNO ပြည်သူ့စစ်က ရှေ့တန်းပို့မှာကို ရွာသားအများစုက စိုးရိမ်နေကြပါတယ်။
နောက်ဒေသခံတယောက်က “သင်တန်းတက်ပြီး အမျိုးသားတချို့ ရှေ့တန်းပို့ခံရတယ်။ တက်ပြီး အမျိုးသမီးကိုလည်း အဲလိုပို့ခံရမှာ စိုးရိမ်နေကြရတယ်။ တချို့ဆို ရွာမှာမနေဘဲ ထိုင်းထွက်သွားတာလည်းရှိတယ်။ ထိုင်းမသွားဖို့လည်း PNO ဘက်ကပြောတယ်။ ခုတော့ စိုးရိမ်ပူပန်နေကြတယ်” လို့ ပြောပါတယ်။
အလားတူ လက်ပံပင် (တွီးမွူး) ရွာအနီးတဝိုက်က ကျေးရွာတွေမှာလည်း PNO ပြည်သူ့စစ်က အပျို၊ လူပျိုတွေကို စစ်သင်တန်းပေးနေတယ်လို့ ပြောပါတယ်။
PNO ပြည်သူ့စစ်က ပအိုဝ်းဒေသဖြစ်တဲ့ ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်၊ နောင်တရား၊ ကျောက်တလုံး မြို့နယ်တွေမှာရှိတဲ့ လူငယ်တွေကို ပြည်သူ့စစ်အဖြစ် အတင်းအဓမ္မ စုဆောင်းပြီး စစ်ကောင်စီတပ်နဲ့အတူ ရှမ်းမြောက်၊ ကယား(ကရင်နီ) တိုက်ပွဲတွေကို ပို့ပြီး သေဆုံးသူလည်း များစွာရှိတယ်လို့ ပြောပါတယ်။