Home
မြန်မာသတင်း
ကျုံပျော်တွင် ဌာနလုံခြုံရေး စစ်သင်တန်းတက်ရန် ရုံးဌာနတခုကို Non CDM ဝန်ထမ်း ၅ ဦး စာရင်းပေးရ
DVB
·
December 26, 2024
Photo : VV (Non CDM ဝန်ထမ်းများ သန်းခေါင်စာရင်း ကောက်ယူနေစဉ်။)

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ ဌာနလုံခြုံရေးအတွက် စစ်သင်တန်းတက်ရမယ်ဆိုပြီး ရုံးဌာနတခုကို Non CDM ဝန်ထမ်း ၅ ယောက် စာရင်းပေးနေရတယ်လို့ Non CDM ဝန်ထမ်းတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ ညွှန်ကြားချက်နဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို ရုံးဌာနအသီးသီးက ဒီဇင်ဘာ တတိယအပတ်က စတင်ကာ လူစာရင်းပေးနေရတာလို့ ဆိုပါတယ်။

Non CDM ထွေအုပ်ဝန်ထမ်းတယောက်က “ဌာနတခုကို ဝန်ထမ်း ၅ ယောက် စာရင်းတောင်းတာ။ ကိုယ့်ရုံး ကိုယ့်ဌာန ကိုယ့်ဟာကိုယ် ကာကွယ်ရဖို့အတွက် စစ်သင်တန်းပေးဖို့ စာရင်းယူတာလို့ သိရတယ်။ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတော့ လုံခြုံရေးအတွက် ပြင်ဆင်တာ” လို့ ပြောပါတယ်။

အဲဒီ ဌာနဆိုင်ရာဝန်ထမ်းတွေကို စစ်ကောင်စီတပ်က လက်နက်ပစ်ခတ်နည်းသင်တန်းပေးမှာဖြစ်ပြီး သင်တန်းပြီးရင် လက်နက်တပ်ဆင်ပေးပြီး ကိုယ့်ရုံးဌာန ကိုယ်လုံခြုံရေးယူပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပညာရေးဝန်ထမ်းတယောက်က “ဒုက္ခပဲ၊ စစ်တောင် တိုက်ရမယ့်သဘောရှိတယ်။ မလွှဲသာလို့ မိသားစုကို ငဲ့ပြီး CDM မလုပ်ခဲ့တာ။ ဝင်ငွေ၊ ထွက်ငွေ၊ မိသားစုနဲ့ ကိုယ့်လုံခြုံရေး အဘက်ဘက်က အဆင်ပြေမနေပါဘူး။ အခု စာရင်းတွေကောက်နေတာတော့ တွေ့ရတယ်။ ကိုယ်တော့ မပါသေးဘူး” လို့ ပြောပါတယ်။

ကျုံပျော်မြို့နယ်ဟာ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ဒေသတခုဖြစ်ကာ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်ရာမှာ အားကောင်းတဲ့ဒေသဖြစ်ပြီး စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မကြာမီ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကာကွယ်ရေးတပ် PDF တွေ ပထမဆုံး တိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့ မြို့နယ်ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၃ ရက်ကလည်း ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီက အရပ်သား မော်တော်ယာဉ်ပိုင်ဆိုင်သူတွေကို ခေါ်ယူပြီး တပ်ကို မော်တော်ယာဉ်တွေအသုံးပြုခွင့် ပေးရမယ်လို့ ဖိအားပေး ပြောဆိုခဲ့သေးတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013