Home
မြန်မာသတင်း
ကျုံပျော်တွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန်ဖမ်းဆီး၊ ကြံခင်း၌ စစ်မှုထမ်းကြေး ကျပ် ၈၅ သိန်း အဓမ္မတောင်းခံ
DVB
·
December 20, 2024
Photo-သူရ

တပ်သားလိုအပ်ချက်ကြောင့် စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးမှူးတွေက ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ အသက်မပြည့်သေးတဲ့ လူငယ်တွေ အပါအဝင် ၈ ယောက်ကို အဓမ္မ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၁ ရက်ကနေ ၁၉ ရက်အထိ ကျုံပျော်မြို့နယ်မှာ စစ်မှုထမ်းတပ်သား လိုအပ်ချက်ကြောင့်ဆိုပြီး စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက အသက် ၁၅ နှစ် အရွယ် လူငယ်တွေ အပါအဝင် ၈ ယောက်အထိ ဖမ်းခေါ်သွားတာပါ။

ကျုံပျော်ဒေသခံတယောက်က “လက်နက်တွေအပြည့်နဲ့လာတဲ့ စကစ တပ်က အိမ်တွေထဲအထိ ညဘက် လိုက်ဖမ်းခေါ်နေတာ။ အသက်မပြည့်တာ၊ ပြည့်တာ မစိစစ်တော့ဘူး။ ယောက်ျားလေးဆို ဖမ်းခေါ်နေတာ။ စစ်တပ်ကို ရှောင်နေရတာ ဒုက္ခတခုဖြစ်လာတယ်။ ကြားရတာတော့ တပ်သားလိုနေတာကြောင့်ပေါ့” လို့ ပြောပါတယ်။

အဲဒီ ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ သောင်ကြီးကျေးရွာ၊ သစ်ကုန်ကျေးရွာနဲ့ မြို့ပေါ်ရပ်ကွက် ၄ ခုက လူငယ်တွေဖြစ်တယ်လို့ သိရပြီး အသက် ၁၅ လောက်သာရှိသေးတဲ့ လူငယ် ၄ ယောက် ပါတယ်လို့ ဆိုပါတယ်။

ဗဟိုစစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ဝင်တယောက်က “စစ်မှုထမ်းကိစ္စနဲ့ပတ်သက်လို့ ဥပဒေနဲ့အညီလုပ်ဖို့ အဆင့်ဆင့် ညွှန်ကြားချက်တွေ ထုတ်ပြီးသားပါ။ ဥပေဒကို ကျော်လွန်လုပ်တဲ့သူတွေကို အရေးယူနေပါတယ်။ ဥပမာ လမ်းဘေး အရက်သမားတယောက်ကို ဖမ်းခေါ်၊ စစ်မှုထမ်းဖို့ အစားထိုးထည့်လိုက်လို့ စစ်မှုထမ်းရာမှာ အဆင်မပြေသလို အစားထိုးလိုက်တာက ခဏပဲရမယ်။ ဥပဒေလည်း ချိုးဖောက်တာပဲ၊ အရေးယူခံရမှာပါ” လို့ ပြောပါတယ်။

ကျုံပျော်မြို့နယ် အပါအဝင် ဧရာဝတီတိုင်းမှာ အရင်အပတ်စဉ်တွေကလို စစ်မှုထမ်းတပ်သားသစ် စုဆောင်းရာမှာ မလွယ်ကူတာကြောင့် စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက နေအိမ်တွေထဲ အထိ လိုက်လံဖမ်းဆီးတာတွေ လုပ်ဆောင်လာတာလို့ ဆိုပါတယ်။

ကြံခင်းမြို့နယ်မှာလည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို စစ်မှုထမ်းဥပဒေအရ ရပ်ကွက်ကျေးရွာအလိုက် စစ်သားသစ် စုဆောင်ခိုင်းထားပြီး လူသစ်မရရှိပါက တပ်သားသစ်တယေက်အတွက် ကျပ်ငွေ ၈၅ သိန်း ပေးသွင်းရမယ်လို့ ဖိအားပေး ပြောဆိုခဲ့တယ်လို့ ကြံခင်းထွေအုပ်ရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းအတွက် စစ်မှုထမ်းဥပဒေအရ တပ်သားသစ်ခေါ်ယူရာမှာ သတ်မှတ်ထားတဲ့လူဦးရေ မရရှိတာကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ဖိအားပေးပြီး ငွေကြေးကောက်ခံခိုင်းနေတာလို့ ဆိုပါတယ်။

ကြံခင်းမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “အခုက လူသစ်မရရင် ရပ်ကွက် ကျေးရွာတွေအတွင်း နေထိုင်သူတွေဆီကနေ ငွေကြေးကောက်ခံပြီး လူသစ်အစားထိုး ပို့ဆောင်နိုင်ဖို့ ကောက်ခံခိုင်းတာဖြစ်ကြောင်း တအိမ်ထောင်ကို လူတယောက်ပေးရမှာဖြစ်ပြီး မပေးနိုင်တဲ့အိမ်က သတ်မှတ်ထားတဲ့ပိုက်ဆံ ထည့်ပေးရမယ်” လို့ ပြောပါတယ်။

လက်ရှိမှာလည်း ရပ်ရွာထဲမှာ လူငယ်တွေ သိပ်မရှိကြတော့ဘဲ အလုပ်အကိုင်ရှားပါးပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်နေတော့ နယ်စပ်ဒေသတွေနဲ့ ပြည်ပနိုင်ငံတွေကို ထွက်ပြီး အလုပ်လုပ်နေကြပါတယ်။

ကျန်ရှိနေတဲ့သူတွေကလည်း စစ်မှုထမ်းဥပဒေအရ သတ်မှတ်ထားတဲ့ အသက်အရွယ်အစား အသက်ကြီးသူတွေနဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပဲ ကျန်ရှိတာကြောင့် အထက်ကခိုင်းတဲ့ လူတယောက်စာ ၈၅ သိန်းကျပ် ပေးသွင်းရမယ်ဆိုတာ ဘယ်လိုမှ အဆင်ပြေဖို့ မလွယ်ဘူးလို့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က စစ်ကူစေလွှတ်ရာမှာ စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းနေကြရတဲ့ တပ်သားသစ်တွေ သေဆုံးတာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ထွက်ပြေးသူတွေ အများအပြား ရှိနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024