Home
မြန်မာသတင်း
ကြံခင်းမြို့နယ်တွင်အဖမ်းခံရသည့် ရခိုင်စစ်ရှောင် ၄ ဦး အကြမ်းဖက်ဥပဒေဖြင့်အမှုဖွင့်ခံရ
DVB
·
October 26, 2024
Photo-KKL

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်မှာ ဖမ်းဆီးခံထားရတဲ့ ရခိုင်ကစစ်ဘေးရှောင်အမျိုးသမီး အပါအဝင် ၄ ယောက်ကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေတွေနဲ့ အမှုဖွင့်လိုက်တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ကြံခင်မြို့နယ်ကို စစ်ဘေးရှောင်ဖို့ရောက်နေတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နဲ့ အမ်းမြို့က အရပ်သား အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး တယောက်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၁ ရက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂၅ ရက် မနေ့က အမှုဖွင့်လိုက်တာလို့ သိရပါတယ်။

ကြံခင်းမြို့နယ်ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့သူတယောက်က “ဖမ်းဆီးခံရတဲ့ အမျိုးသမီးတယောက်နဲ့ အမျိုးသား ၄ ယောက်လုံးကို ရဲစခန်းမှာထားပြီး စစ်ကြောရေးလုပ်နေတယ်။ သူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က)နဲ့ ပုဒ်မ ၅၀၅(က) စတဲ့ ပုဒ်မတွေနဲ့ မနေ့က အမှုဖွင့်ထားတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့သူတွေနဲ့ နီးစပ်သူတယောက်ကလည်း အဲဒီစစ်ရှောင်တွေဟာ သတင်းပေးတွေကြောင့် PDF တွေလို့ စွပ်စွဲအဖမ်းခံခဲ့ရတာလို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးထားသူ ၄ ယောက်ဟာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ရက်ဆက် ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာတဲ့သူတွေဖြစ်ပြီး အသက် ၁၉ နှစ် ကျော် လူငယ်အမျိုးသား ၂ ယောက်၊ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ယောက်နဲ့ အသက် ၂၇ ဝန်းကျင် အမျိုးသမီး ၁ ယောက်တို့ ဖြစ်ပါတယ်။

သူတို့တွေဟာ ရခိုင်ပြည်နယ်မှာ လယ်ယာလုပ်ငန်း၊ ဆိုင်ကယ်ကယ်ရီဆွဲတဲ့လုပ်ငန်း၊ ဈေးရောင်းတဲ့လုပ်ငန်း စတာတွေကို လုပ်ကိုင်နေသူတွေဖြစ်တယ်လို့လည်း နီးစပ်သူတွေက ပြောပါတယ်။

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ် ရေနံ့သာစစ်ဆေးရေးဂိတ်မှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့က ရခိုင်စစ်ဘေးရှောင် ၅ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး အဲဒီထဲက အမျိုးသား ၁ ယောက်ကို အောက်တိုဘာ ၁၄ ရက်မှာ ရေကြည်တရားရုံးက ထောင်ဒဏ် ၆ နှစ်ချမှတ်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013