Home
မြန်မာသတင်း
ကြံခင်းဒေသခံ ၂ ဦးကို PDF ဟုစွပ်စွဲပြီး စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
November 21, 2024

ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ ပိုးစုကြီးကျေးရွာမှာ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေတဲ့ စစ်ကောင်စီတပ်က ဒေသခံ ၂ ယောက်ကို PDF တပ်ဖွဲ့ဝင်ဆိုပြီး စွပ်စွဲဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူထံက သိရပါတယ်။

ရခိုင်ပြည်နယ်ရဲ့အစပ် ကြံခင်းမြို့နယ်၊ ပိုးစုကြီးကျေးရွာအနီးမှာ စစ်ကြောင်းထိုးရင်း နယ်မြေရှင်းလင်းနေတဲ့ စစ်ကောင်စီတပ် အင်အား ၃၀ လောက်က အရပ်သား လူငယ် ၂ ယောက်ကို မနေ့ နိုဝင်ဘာ ၂၀ ရက်က ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “စစ်ကောင်စီတပ်နဲ့ PDF တွေ တိုက်ပွဲဖြစ်တာလို့ သိရတယ်။ စကစတပ်က နယ်မြေရှင်းလင်းရင်း ထင်းခုတ်နေတဲ့ အရပ်သား ၂ ယောက်ကို PDF ဆိုပြီး ဖမ်းတာတဲ့။ ကြိုးနဲ့တုတ် ရိုက်နှက် ဖမ်းခေါ်သွားတာ။ ဘယ်ခေါ်သွားလဲတော့ မသိဘူး။ စကစတပ်ကတော့ တထစ်ချ PDF လို့ ပြောနေတာ” လို့ ပြောပါတယ်။

အဲဒီ အဖမ်းခံရတဲ့ လူငယ် ၂ ယောက်က လယ်ယာလုပ်ငန်းနဲ့ ထင်းခုတ်တဲ့လုပ်ငန်း လုပ်ကိုင်နေသူတွေဖြစ်ပြီး အသက် ၁၉ နှစ်နဲ့ ၂၅ နှစ်ဝန်းကျင်အရွယ်တွေ ဖြစ်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။

စစ်ကောင်စီတပ်က နိုဝင်ဘာလ ပထမအပတ်ကစတင်ပြီး ကြံခင်းနဲ့ ရခိုင်ရိုးမအစပ်မှာ တပ်စွဲတာ၊ စစ်ကြောင်းထိုးတာ၊ နယ်မြေရှင်းလင်းတာတွေကို အင်အားအများအပြားနဲ့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပိုးစုကြီးကျေးရွာအနီးမှာ ပြီးခဲ့တဲ့ မတ် ၂၈ ရက်ကလည်း စစ်မှုမထမ်းချင်လို့ PDF အဖွဲ့ကို ဝင်မယ်လို့ အကြောင်းကြားတဲ့ လူငယ်တယောက်ကို လာရောက်ခေါ်ဆောင်တဲ့ ရိုးမဧရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုသူရိန်လင်းကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013