ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ-မိုးဗြဲအနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ နိုဝင်ဘာလထဲ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကြောင်းထိုးနိုင်တာကြောင့် မိုးဗြဲနားက ဒေသခံ တောင်သူတွေဟာ စပါးတွေ ရိတ်သိမ်းနေကြရပါတယ်။
မိုးဗြဲအနီးနားမှာ သေနတ်သံတွေ၊ လက်နက်ကြီး ပစ်ခတ်တာတွေ ကြားလာရတဲ့အပြင် နန်းမယ်ခုံဘက်ကို စစ်ကြောင်းထိုးနိုင်တာကြောင့်နိုဝင်ဘာ ပထမအပတ်က စပြီး ခုချိန်ထိ စပါးတွေကို အလုအယက် ရိတ်သိမ်းနေရတယ်လို့ ဒေသခံတောင်သူတွေထံက သိရပါတယ်။
တောင်သူတယောက်က “စပါးတွေက ကောင်းကောင်းမမှည့်သေးပေမဲ့ အလုအယက် ရိတ်သိမ်းနေကြရတယ်။ မိုးဗြဲဘက် လက်နက်ကြီးသံ ကြားနေရတော့လေ။ အရင်ကဆို စက်ကို စောင့်ပြီးမှရိတ်တာ၊ ခုကတော့ စက်မအားရင်လည်း လူလည်း လုပ်တဲ့လူကလုပ် စက်နဲ့ ရိတ်သူကရိတ်ပေါ့” လို့ ပြောပါတယ်။
စပါးစိုက်ခင်း ၅,၀၀၀ ကျော်ဟာ စက်တင်ဘာလ ရေကြီး နစ်မြုပ်မှုကြောင့် ဆုံးရှုံးခဲ့ရပြီး ရေလွတ်ရာနေရာမှာရှိတဲ့ စပါးတွေကို စစ်ရေးအခြေအနေအရ ရိတ်သိမ်းနေရတာဖြစ်တယ်လို့ ဆိုပါတယ်။
စပါးခင်း ကောင်းကောင်းမမှည့်တာတွေ ရှိနေပေမဲ့ စစ်ကြောင်းထိုးလာခဲ့ရင် ရိတ်သိမ်းလို့ မရဘဲ ဆုံးရှုံးမှု ပိုများမှာဖြစ်တာကြောင့် အခုလို ရိတ်သိမ်းရတာလို့ သိရပါတယ်။
ခုလက်ရှိအချိန်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကားအစီး ၅၀ က မိုးဗြဲ ၄၂၂ တပ်ထဲကို ရောက်ရှိနေပြီး ရက်ပိုင်းအတွင်း ထိတွေ့တိုက်ပွဲတချို့ ဖြစ်ပွားတာရှိသလို လွိုင်ကော်အမြောက်တပ်ကနေ လက်နက်ကြီး ပစ်ကူတာတွေ လုပ်နေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်ဆီက သိရပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာတွေ ပြုလုပ်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။