Home
မြန်မာသတင်း
ဗန်းမော်ဆိပ်ကမ်းတွင် ငွေကြေးအဓမ္မတောင်းယူ၊ မိုးမောက်အနီး သုံးရက်ဆက် တိုက်ပွဲပြင်းထန်
DVB
·
November 19, 2024

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ဆိပ်ကမ်းကနေ ဝင်ရောက်လာတဲ့ ခရီးသွားပြည်သူတွေကို စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေက တင်းကျပ်စွာ စစ်ဆေးနေပြီး ငွေကြေးအဓမ္မတောင်းယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်သားနဲ့ ရဲတွေဟာ စက်လှေဆိပ်ကနေ ဗန်းမော်ကို ဝင်ရောက်လာတဲ့ ပြည်သူတွေကို တင်းကျပ်စွာ စစ်ဆေးနေပြီး ငွေကြေး ၁၀ သိန်းနဲ့ အထက်အပါအဝင် တရုတ်ငွေ ယူဆောင်လာသူတွေရဲ့ ငွေကြေးတွေကို အဓမ္မ တောင်းယူနေတာလို့ ဗန်းမော်ကို အဝင်အထွက်ပြုလုပ်နေသူတယောက်က ပြောပါတယ်။

“အဲမှာ သူတို့က အိတ်တွေဘာတွေ အကုန်စစ်တယ်၊ ပိုက်ဆံ အများကြီးပါလာရင်လည်း အကုန်ယူလိုက်ပြီ၊ ၁၀ သိန်း အထက်ဆိုရင် အကုန်သိမ်းပြီ၊ အရမ်းများတယ်၊ အဲလောက်မလိုဘူးပြောပြီး ယူလိုက်တာ။ တရုတ်ငွေပါလာရင်လည်း ယူလိုက်ပြီ။ အားလုံးကို အဲလိုပဲလုပ်နေတာ။ အရပ်ဝတ်တွေနဲ့ကော ရှိတယ်၊ အဲလိုယူလိုက်လည်း ဘယ်သူမှ ဘာမှ မပြောရဲဘူး။” 

ဗန်းမော် ဆိပ်ကမ်းကနေတဆင့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်လုပ်နေတဲ့ ကုန်သည်တွေကနေလည်း အကြောင်းမရှိ ငွေကြေး တောင်းယူနေတယ်လို့ ဆိုပါတယ်။

ဗန်းမော် အဝင်လမ်းတွေ ဖြစ်တဲ့ မိုးမောက်မြို့ ဘက်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေသလို မံစီမြို့ ပတ်ဝန်းကျင်မှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပိတ်ဆို့ထားတာကြောင့် လမ်းတွေပိတ်နေလို့ ဗန်းမော်မြို့အဝင်အထွက်အတွက် ရေလမ်းကိုသာ အသုံးပြုနေရတာ ဖြစ်ပါတယ်။

မိုးမောက်မြို့ဘက်ကိုလည်း စစ်ကောင်စီက အင်အား အများအပြားနဲ့ ပြန်လည်ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ သုံးရက် ဆက်တိုက် ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ မိုး​မောက်မြို့ခံတယောက်က ပြောပါတယ်။

“သုံးရက်လောက်ရှိပြီး တိုက်ပွဲပြင်းထန်နေတာ နေ့တိုင်းပဲ၊ ပစ်လိုက်နားလိုက်ပဲ။ ဒီနေ့ဆိုရင် လေယာဉ်နဲ့ လာပစ်တာ မနက်ကတည်းကနေပဲ၊ အစောကြီး ကတည်းက မြည်နေတာ။” 

စစ်ကောင်စီဘက်က လက်လွှတ်ဆုံးရှုံးလိုက်တဲ့ မိုးမောက် ခမရ ၄၃၇ တပ်စခန်းကို ပြန်လည်ရရှိဖို့ ဩဂုတ်လကတည်းက ပြန်လည်ထိုးစစ်ဆင်နေပြီး ခမရ ၄၃၇ တပ်စခန်းအနားကို ရောက်ရှိနေပြီလို့ သိရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013