Home
မြန်မာသတင်း
အနန်းကွင်းစစ်ဗျူဟာ စခန်းသိမ်းတိုက်ပွဲ ပြင်းထန်
DVB
·
November 19, 2024

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံဖြူဇရပ်- ဘုရားသုံးဆူလမ်းပေါ်က အနန်းကွင်း စစ်ဗျူဟာစခန်းသိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ဗျူဟာမကျရေး စစ်ကောင်စီက မြေပြင်နဲ့ ဝေဟင်ကနေ ပစ်ကူပေးပစ်ခတ်နေတယ်လို့  ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

နိုဝင်ဘာ ၁၈ ရက် မနေ့ည ၁၂ နာရီခွဲလောက်က စစ်ကောင်စီက ခလယ်တံခွန်တိုင်းကျေးရွာအနီးတဝိုက် လေကြောင်းကနေ ဗုံး ၁ လုံး ကြဲချခဲ့ပါတယ်။

ဒေသခံတယောက်က “ညက ၁၂ နာရီခွဲလောက်က အလုံးကြီး ၁ လုံးကြားတယ်။ ဒီနားကုန်းကပဲ။ ညက ၁၂ နာရီခွဲလောက်က အလုံးကြီး ၁ လုံးကြားတယ်။ ဒီနားကုန်းကပဲ။ တိုက်ပွဲပြင်းထန်ရင် တခြားဒေသလိုပဲ ပြေးရမယ်။ အနန်းကွင်းစစ်ဗျူဟာ မရှိတာပိုကြိုက်တယ်။ ဒီစစ်ကောင်စီဂိတ်ရှိနေရင် ကျနော်တို့ သွားလာရတာ မလုံခြုံဘူး။ ရှိနေလို့ရှိရင် ကြံဖန်ပြီးတော့ ကျနော်တို့ အပြစ်မရှိလဲ ရှိကြောင်း။ အဲလိုတွေ ကြောက်နေရတယ်”လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၆ ရက်ကစတင်ပြီး အနန်းကွင်းစစ်ဗျူဟာကို သိမ်းပိုက်နိုင်ဖို့ KNLA ပူးပေါင်းစစ်ကြောင်းတွေက ဝိုင်းဝန်းပိတ်ဆို့ပြီး တိုက်ခိုက်နေတာကြောင့် စစ်ဗျူဟာစခန်းမကျရေး စစ်ကောင်စီ တပ်ဘက်က ဝေဟင်နဲ့ မြေပြင်ကနေ ပစ်ကူပေးတိုက်ခိုက်နေတယ်လို့သိရပါတယ်။

ဒီနေ့လည်း မုဒုံအမြောက်တပ်၊ ဝဲကလီအမြောက်တပ်နဲ့ တောင်ကလေးကျေးရွာကနေ လက်နက်ကြီးတွေနဲ့ နေ့ညပစ်ခတ်နေတယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“ဒီနေ့အကြိတ်အနယ်ဖြစ်နေတယ်။ လေကြောင်းတွေလာနေ တယ်။ နိုဝင်ဘာ ၁၆ ရက်ကတည်းက မနေ့ကလည်း တနေ့ကုန်ဖြစ်နေတယ်။”

နိုဝင်ဘာ ၁၀ ရက်ကလည်း စစ်ကောင်စီတပ်ဘက်က ဝေဟင်နဲ့ မြေပြင်ပစ်ကူရယူပြီး မြေပြင်ကနေ တင့်ကားတွေနဲ့ အင်အားဖြည့်တင်းဖို့ကြိုးစားလာတာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းတွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဘက်က ဝေဟင်နဲ့မြေပြင်ကနေ နေ့တိုင်းနီးပါး ပစ်ခတ်နေတဲ့အပြင်  စစ်ကောင်စီစစ်ကြောင်းတွေ ကျေးရွာတွေအတွင်းကို စစ်ကြောင်းထိုးဝင်ရောက်ပြီး လှုပ်ရှားတာ၊ တပ်စခန်းတွေက ဖမ်းဆီးခေါ်ဆောင်တာ၊ သတ်ဖြတ်တာ၊ ပစ္စည်းလုယူတာတွေ လုပ်ဆောင်နေတာကြောင့် အနန်းကွင်း၊ လွတ်ရှမ်း၊ တညင်၊ ဖာယာ၊ ကျားမီ၊ ဖားပြ  စတဲ့အနီးအနားကျေးရွာက ဒေသခံတွေဟာ  ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီက မြေပြင်နဲ့ ဝေဟင်ကနေ ကျေးရွာအတွင်းက ပြည်သူလူထုကို ပစ်ခတ်တိုက်ခိုက်တာဟာ တော်လှန်ရေးတပ်ဖွဲ့တွေ အခက်အခဲတွေအောင် ပစ်ခတ်နေတာလို့ စစ်ရှောင်အရေးကူညီပေးနေသူက ပြောပါတယ်။

“တိုက်ပွဲဖြစ်တဲ့ ရပ်ရွာတွေကိုသူတို့(စစ်ကောင်စီ)ပစ်တယ် ဆိုတာက ရပ်ရွာတွေကိုပစ်မှပဲ။ ရပ်ရွာထဲမှာတော်လှန်ရေးတပ်ဖွဲ့တွေ သူတို့ကိုတော်လှန်နေတဲ့ အဖွဲ့အစည်းတွေ PDF တွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ခိုလှုံတယ်ဆိုတဲ့ စိတ်နဲ့ပစ်နေတာ။ ပြည်သူလူထုကိုပစ်ရင် တော်လှန်ရေးတပ်ဖွဲ့တွေက ကယ်ရမယ်၊ ထုတ်ရမယ်၊ ပစ်ရမယ် အဲလိုအခက်အခဲတွေနဲ့ သူတို့ကို ပြန်ကာကွယ်ဖို့နှောင့်နှေးတယ်။ အဲပုံစံမျိုးနဲ့ စစ်ကောင်စီက လုပ်တာ”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ လေကြောင်းအပြင် လက်နက်ကြီးနေတိုင်းနီးပါးပစ်ခတ်နေတာကြောင့် ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေဟာ ဥယျာဉ်ခြံနဲ့ လုပ်ငန်းခွင်တွေ မဝင်ရောက်ရဲတာ၊ ကူညီထောက်ပံ့မှုတွေ မရရှိတာကြောင့် မိသားစုစားဝတ်နေရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါအပြင် သားသမီးတွေရဲ့ ပညာသင်ကြားဖို့ အခွင့်အရေးတွေပါ ဆုံးရှုံးနေရတယ်လို့  စစ်ရှောင် အရေးကူညီပေးနေသူတွေဆီက သိရပါတယ်။

အောင်ခန့် 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024