စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နဲ့ တန့်ဆည်မြို့နယ်တွေကို စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရေဦးမြို့နယ်၊ ဆီဆုံကျေးရွာက အမျိုးသမီး တယောက်ကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ရေဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “စစ်တပ်စစ်ကြောင်းက ဆီဆုံရွာကို မီးရှို့တော့ အမျိုးသမီး ၁ ဦးကို အိမ်တလုံးထဲထည့်ပိတ်ပြီး အပြင်ကနေ မီးရှို့သွားကြတာပါ။ အဲဒီ အသက် ၄၀ လောက်ရှိတဲ့ အမျိုးသမီးက အရှင်လတ်လတ် မီးရှို့အသတ်ခံရတဲ့သဘော ဖြစ်တာပေါ့ဗျာ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေဟာ တန့်ဆည်မြို့နယ်နဲ့ ရေဦးမြို့နယ်စပ်က ကျေးရွာတွေကို နိုဝင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ စစ်ကြောင်းထိုးပြီး လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့ကြတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှာ ကန့်ဘလူမြို့အခြေစိုက် အမှတ် ၆၀၀၆ တင့်ကားတပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင် ကာဘိုးပျူစောထီးကျေးရွာ၊ အက်တောပျူစောထီးကျေးရွာနဲ့ သဲကုန်းပျူစောထီးကျေးရွာတွေက ပူးပေါင်းအင်အား ၁၅၀ ကျော် ပါဝင်တယ်လို့လည်း ဆိုပါတယ်။
ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ရွာတွေကို မီးရှို့သွားတဲ့ သူတို့စစ်ကြောင်းက ၁၇ ရက်နေ့ ညနေပိုင်းမှာ ကာဘိုး၊ အက်တောနဲ့ သဲကုန်း ပျူစောထီးရွာတွေဘက်ကို ပြန်ဆုတ်သွားတယ်။ ဒါပေမဲ့ ၁၈ ရက်နေ့မှာ သူတို့ မီးရှို့ခဲ့တဲ့ရွာတွေမှာ မီးငြှိမ်းပြီး ရှင်းလင်းရေးတွေ လုပ်နေကြတဲ့ ရွာခံတွေအပေါ်ကို ဒရုန်း ၅ စီးနဲ့ ဗုံးကြဲပြန်သေးတယ်။ အပြေးမြန်ကြလို့ ရွာခံတွေ ဒဏ်ရာရကြတာတော့ မရှိဘူးလို့ သိရတယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံတွေရဲ့ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် တန့်ဆည်မြို့နယ်နဲ့ ရေဦးမြို့နယ်စပ်မှာ ရှိကြတဲ့ ဆီဆုံကျေးရွာက လူနေအိမ် ၆၅ လုံး၊ တက်သစ်တောင်ကျေးရွာက လူနေအိမ် ၃၄ လုံး၊ တက်သစ်မြောက်ကျေးရွာက လူနေအိမ် ၆၅ လုံး၊ ရွာပုကြီးကျေးရွာက လူနေအိမ် ၁၂ လုံး၊ ပေကုန်းကျေးရွာက လူနေအိမ် ၃၁ လုံး၊ စီးမကျေးရွာက လူနေအိမ် ၆ လုံး၊ ကုလားစင်ကျေးရွာက လူနေအိမ် ၂၈ လုံးနဲ့ ရှမ်းဆိပ်ကျေးရွာက လူနေအိမ် ၁၂ လုံးဖြစ်ကြပြီး စုစုပေါင်း လူနေအိမ် ၂၅၃ လုံး မီးလောင်ပျက်စီးခဲ့ကာ မီးဘေးသင့်ပြည်သူတွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့လည်း စစ်ကိုင်းပြည်သူ ဖေးမကူ အဖွဲ့ဆီကနေ သိရပါတယ်။