Home
မြန်မာသတင်း
ရေဦးနှင့် တန့်ဆည်တွင် စစ်တပ်ကရွာမီးရှို့၊ ကန့်ဘလူမြို့နယ်၌ ဒရုန်းဖြင့်တိုက်ခိုက်သဖြင့် ဘုန်းတော်ကြီး အပါအဝင် ၅ ဦးသေဆုံး
DVB
·
November 19, 2024
Photo-ကျွန်လှတက်ကြွသူ

စစ်ကိုင်းတိုင်း၊ ရေဦး၊ တန့်ဆည်နဲ့ ကန့်ဘလူမြို့နယ်တွေမှာ စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၆ ရက်ကနေ ၁၈ ရက်အထိ ကျေးရွာအနည်းဆုံး ၁၀ ရွာရှိ ပြည်သူ‌‌နေအိမ် ၂၃၀ ကျော်ကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးသွားပြီး ဘုန်းတော်ကြီးအပါအဝင် ပြည်သူ ၅ ယောက် ထိခိုက် သေဆုံးခဲ့တယ်လို့ ဒေသခံ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး အဖွဲ့တွေဆီကနေ သိရပါတယ်။

ရေဦးနဲ့ တန့်ဆည်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ကြောင်းခွဲထိုးပြီး ကျေးရွာတွေကို ဝင်ရောက်ကာ ရွာစဉ်လှည့်ပတ် မီးရှို့နေတာလို့ သိရပါတယ်။

ဒေသခံ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးသမားတယောက်က “ရေဦးနယ်က တပ်သစ်‌တောင်ရွာက လူ‌နေအိမ် ၃၀၊ ရွာဘူကြီးရွာက အိမ် ၁၃ လုံး၊ စည်ဆုံရွာက အိမ် ၇၀၊ ပေကုန်းရွာက ၃၅ လုံး၊ စည်းမရွာက အိမ် ၇ လုံး၊ မုန်တိုင်ပင် ၁ လုံး၊ ရှမ်းဆိပ်ရွာ ၁၂ လုံးကို မီးရှို့သွားတယ်ဗျ။ တန့်ဆည်နယ်က ကလဇင် အိမ် ၂၈ လုံး၊ တပ်သစ် (မ) ၆၀ လုံးကို မီးရှို့တယ်ဗျ။ အဲရွာတွေကို မီးရှို့တဲ့ စစ်ကြောင်းက ကန့်ဘလူမြို့နယ် ၆၀၀၆ တပ်ကနေ စစ်ကား ၆ စီးနဲ့လာတဲ့ ခမရ ၃၆၁ နဲ့ ဝါသဝပျူစစ်ကြောင်းက မီးရှို့သွားတာဗျ” လို့ ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ နိုဝင်ဘာ ၁၈ ရက် ညနေမှာ ရေဦးမြို့နယ်အတွင်းကနေ တန့်ဆည်မြို့နယ် အက်တောသဲကုန်းရွာဘက် စစ်ကြောင်းပြန်ခေါက်သွားပြီး လက်ရှိအချိန်မှာ ကာဘိုးမြောက်ဘက် ခြေမျှစ်ကျင်းရွာ ရောက်နေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်တပ်က ပုဏ္ဏကားရွာ၊ ဘိုရုံရွာ၊ ပန်းကုန်းရွာတို့ကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်လို့ ပန်းကုန်းရွာက ပြည်သူတယောက် ဗုံးစမှန်သေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

တန့်ဆည်မြို့နယ်ပြည်သူတယောက်က “လူတွေမှဟုတ်ကြရဲ့လားမသိပါဘူး။ ကျမတို့ ပြည်သူနေအိမ်‌တွေ မီးရှို့လို့ တော်လှန်ရေးက ပြီးသွားမယ်တဲ့လား။ အိမ်တွေမရှိလည်း ကျမတို့ ပြည်သူတွေကတော့ စစ်အာဏာရှင်ကျဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမယ်။ ကူညီနိုင်သူတွေနဲ့လည်း ကျမတို့ကို ကူညီပေးဖို့လည်း မေတ္တာရပ်ခံအပ်ပါတယ်”လို့  ပြောပါတယ်။

တန့်ဆည်မြို့နယ်တောင်ဘက်ပိုင်းကို တန်ဆည်မြို့ကနေ နိုဝင်ဘာ ၁၆ ရက်က ထွက်လာတဲ့ စစ်ကြောင်းကတော့ တနယ်ရွာပြည်သူတွေ အိမ်ဝင်‌ရောက်မွှေပြီး ကြက်ခြံမီးရှို့ကာ ခပေါင်းကြိုင်ရွာကို လည်းဝင်‌ရောက်ပြီး  အိမ် ၂ လုံးကိုလည်း မီးရှို့သွားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်မှာလည်း ကျီးကျင်းကျေးရွာရဲ့ အနောက်ဘက်မှာရှိတဲ့ ပြည်သူကာကွယ်ရေး စစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၁၈ ရက် မနက်ခင်း ၇ နာရီခွဲအချိန်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်လို့ ဘုန်းတော်ကြီး တပါးအပါအဝင် ပြည်သူ ၃ ယောက်နဲ့  PDFရဲ ဘော်တယောက် သေဆုံးတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဆိုပါပြည်သူကာကွယ်ရေးတပ်ရဲ့ စစ်ဆေးရေးဂိတ်ဟာမြစ်ကြီးနား - ရွှေဘိုလမ်းပိုင်းမှာ တည်ရှိတယ်လို့လ ည်းသိရပါတယ်။

ဒေသခံတယောက်က “ဒရုန်းနဲ့ လာချတာ ချတဲ့အကြိမ်က ၂ ကြိမ်လာချတာဗျ။ ပထမအကြိမ်က ၃ လုံးချခဲ့ပြီး ဒုတိယအကြိမ် ၂ လုံးချခဲ့တာဗျ။ အဲလိုချလို့ ‘ငွေတိုးမန်း’ ခရီးသည်တင်ယာဉ်ဘေးတည့် တည့်ကျပြီး ယာဉ်ပေါ်ပါလာတဲ့ ခရီးသည် ဘုန်းကြီးတပါး၊ အမျိုးသမီး ၃ ယောက်နဲ့ PDF ရဲဘော် တယောက် သေဆုံးတယ်ဗျ။ စုစုပေါင်းသေဆုံးသူက ၅ ယောက်၊ ဒဏ်ရာရတာက ၆  ယောက်ပါ”လို့  ပြောပါတယ်။

အဆိုပါဒရုန်းယာဉ်ကို စစ်ကောင်စီတပ်က ဇီးကုန်း-သကြားစက်မှ လွှတ်တင်ပြီး တိုက်ခိုက်တာ ဖြစ်တယ်လို့ ဒေသတွင်းပြည်သူကာကွယ်ရးတပ်က ပြောသလို ယမနေ ပျူရွာကနေ လွှတ်တင်ပြီး တိုက်ခိုက်တာလို့လည်း ဒေသတွင်းမှာပြောဆိုမှု့များလည်းရှိ နေပြီး တိုက်ခိုက်တဲ့ အဖွဲ့ကိုDVBအနေနဲ့ သီးခြအတည်ပြုချက်ရယူနိုင်ခြင်းမရှိသေးပါဘူး။

ကန့်ဘလူခရိုင် PDF အဖွဲ့ဝင်တယောက်က “ကျနော်တို့သိထားရတာက ဇီးကုန်း-သကြားစက်မှ လွှတ်တင်လိုက်တဲ့ဒရုန်းက ဗုံးကြဲသွားတာဗျ။ အတိကျပြောလို့ရတယ်။ ကားတွေ စစ်ဆေးနေတဲ့အချိန်ကို ကြဲချသွားတယ်။ စစ်တပ်ကတော့ အာဏာတည်မြဲရေးအတွက်ဆို ပြည်သူရှိလား၊ မရှိဘူးလားကို မတွက်တော့ဘူး အကုန်းသိမ်းကျုံးပြီး ပစ်ခတ်ဗုံးကြဲတာ”လို့  ပြောပါတယ်။

ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည်စတဲ့ မြို့နယ်တွေကို စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူထောင်နဲ့ချီ နေရပ်စွန့်ခွါနေကြရကာ ရွာတွေကိုလည်းမီးရှို့ပြီး ရွာသားတွေကို စစ်တပ်က ဖမ်းဆီးနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024