Home
မြန်မာသတင်း
ပင်လောင်းတွင် ကားရှိသည့်အိမ်များထံက PNO ငွေကောက်ခံနေ
DVB
·
December 14, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ စံကားဒေသမှာ စစ်ကောင်စီလက်အောက်ခံ PNO တပ်က ကားရှိတဲ့အိမ်တွေဆီက တအိမ်ကို ငွေ ၅၀,၀၀၀ နှုန်းကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၂ ရက်က စတင်ပြီး ရိုးရိုးအိမ်စီးကားရှိတဲ့အိမ်ကို ၅၀,၀၀၀ ကျပ်၊  ၁၂ ဘီးကား ရှိသူ၊ ကုန်တင်ကားကြီးရှိသူတွေကို ၁၀၀,၀၀၀ ကျပ်ကောက်ခံပြီး အိမ်စီးကားနဲ့ ကုန်တင်ကား ရှိသူတွေကိုလည်း ၁၀၀,၀၀၀ ကျပ် ကောက်ခံတယ်လို့ သိရပါတယ်။

ဒေသခံအမျိုးသားတယောက်က “ဘာအတွက်ကောက်တာလဲတော့မသိဘူး။ အခုက အိမ်တွေကို လိုက်ကောက်တာ။ ရပ်ကွက်တွေအကုန်ကောက်တာ၊ စစ်ကောင်စီက ကောက်တာမဟုတ်ဘူး။ PNO ကကောက်တာ” လို့ ပြောပါတယ်။

စစ်မှုထမ်းစားရိတ်နဲ့ PNO အဖွဲ့ဝင်တွေရဲ့ စားနပ်ရိက္ခာ၊ စစ်အသုံးစရိတ်အတွက် ကောက်ခံတာ ဖြစ်နိုင်တယ်လို့ ဒေသခံတချို့ကပြောပြီး စံကားဒေသက နေအိမ်ဘယ်လောက် ငွေကောက်ခံပြီးသွားပြီလဲဆိုတာ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

တောင်ကြီးမြို့နယ်၊ နောင်ကားကျေးရွာအုပ်စုထဲကရွာတွေမှာလည်း PNO ပြည်သူ့စစ်ဟာ ပြီးခဲ့တဲ့ မတ်လက ကားတွေ၊ စပါးစက်၊ ထွန်စက်နဲ့ ဆီပန့်ဆိုင်တွေကနေ အခွန်ဆိုပြီး ငွေ ၅၀,၀၀၀ ကနေ ၅ သိန်းအထိ ကောက်ခံခဲ့ပါသေးတယ်။

ဒါ့အပြင် သူတို့စခန်းချရာဒေသကပြည်သူတွေကိုလည်း သူတို့အတွက် နေ့စဉ် ထမင်းထုပ်ပို့ဖို့ ခြိမ်းခြောက်ခိုင်းစေထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဟာ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်နဲ့ ဖယ်ခုံမြို့နယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်နဲ့ အတူပါဝင်ပြီး ပြည်သူ့နေအိမ်မီးရှို့တာတွေ၊ ပေါ်တာဆွဲပြီးငွေနဲ့ရွေးခိုင်းတာတွေကိုလည်း ပြုလုပ်နေပါတယ်။

ကရင်နီ​ပြည်၊ လင်ဖုံလေးမှာလည်း နိုဝင်ဘာလတတိယအပတ်တုန်းက လူငယ် ၆ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီဇင်ဘာလ ဒုတိယအပတ်မှာ တယောက်ကို သိန်း ၃၀ နဲ့ ပြန်ရွေးရမယ်လို့ ဆက်သွယ်လာတယ်လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူက ပြောပါတယ်။

တောင်ကြီးမြို့မှာလည်း စစ်ကောင်စီတပ်က ရပ်ကွက်ပေါ်မူတည်ပြီး ငွေကျပ် ၅၀,၀၀၀ ကနေ ၂၀၀,၀၀၀ အထိ ကောက်ခံနေသလို လူငယ်လူရွယ်ရှိတဲ့အိမ်တွေက ပိုပေးရတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013