Home
မြန်မာသတင်း
ပင်လောင်းဒေသခံများ၏ စပါးဧက ၁,၀၀၀ ကျော် စစ်တပ်နှင့် PNO ရိတ်ပြီးယူသွား
DVB
·
November 10, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ ဒေသခံပြည်သူတွေ စိုက်ပျိုးထားတဲ့ စပါးဧက ၁,၀၀၀ ကျော်ကို စစ်တပ်နဲ့ PNO ပြည်သူ့စစ်တွေက ရိတ်သိမ်းယူသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမောက်၊ ဆောင်လန်နဲ့ နမ်းဖာမူ တကြောက လယ်တွေမှာ နိုဝင်ဘာလပထမပတ် တပတ်လုံးလုံး စပါးရိတ်ခြွေစက် ၄ စီးနဲ့ ရိတ်ခြွေခဲ့ပြီး  ဗန်းမောက်-ပင်လောင်း မြို့ပေါ်လမ်းအတိုင်း ယူသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမောက်ရွာခံတယောက်က “ရွာသားတွေစိုက်ထားတဲ့ စပါးတွေ ရိတ်သိမ်းခွင့်မရဘဲ ထွက်ပြေးရတယ်။ သူများဆီလည်း အလှူခံပြီး သူများလှူမှ စားရ သောက်ရတယ်။ PNO တွေ ဗမာစစ်သားတွေကျ ရွာသားတွေ အသက်နဲ့ရင်းပြီး စိုက်ထားတဲ့စပါးကို အလကားလိုချင်သေးတယ်။ ငါတို့ရွာသားတွေ ဘာနဲ့စားရတော့မှာလဲ” လို့ ပြောပါတယ်။

ဒါ့အပြင် ရိတ်ခြွေပြီး လယ်ထဲကျန်ခဲ့တဲ့ စပါးတွေကို ပြည်သူတွေက လာကောက်ချိန်မှာ PNO ပြည်သူ့စစ်က ဒရုန်းနဲ့  ဗုံးကြဲတိုက်ခိုက်လို့ မယူရဲဘဲ ဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

နောက်ဒေသခံတယောက်က “လယ်စပါး ဧကထောင်ချီရှိတာ။ ရွာသားတွေ သုံးပုံတပုံပဲ သိမ်းရသေးတယ်။ ခုတော့ PNO တွေ၊ စစ်တပ်တွေ လာရိတ်ယူကုန်ပြီ” လို့ပြောပါတယ်။

အလားတူ ဗန်းမောက်ကျေးရွာနဲ့ ထိစပ်နေတဲ့ မိုင်းဖြတ်ရွာ၊ ပူချယ်ရွာ၊ လွယ်ပသာရွာမှာလည်း စပါးရိတ်သိမ်းဖို့ ဆင်းလာသူတွေကို PNO ပြည်သူ့စစ်က ဒရုန်းနဲ့ တိုက်ခိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပင်လောင်း-ဖယ်ခုံ နယ်စပ်မှာ တိုက်ပွဲဖြစ်ပွားနေတာ ၂ လနီးပါးရှိနေပြီဖြစ်ပြီး တိုက်ပွဲအတွင်း စစ်တပ်လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းနဲ့ တိုက်ခိုက်လို့ ဒေသခံ ၅ ယောက်ထက်မနည်း သေဆုံးခဲ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013