Home
မြန်မာသတင်း
မိုးဗြဲတွင် လက်နက်ကြီးကျပြီး ကလေးအပါအဝင် ပြည်သူ ၄ ဦးသေဆုံး
DVB
·
November 10, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အနီးနားက ကျေးရွာနှစ်ရွာမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ကလေးအပါအဝင် ပြည်သူ ၄ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ Jobs for Kayah က တာဝန်ရှိသူတယောက်က ပြောပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးတွေဟာ နိုးကိုးစံပြကျေးရွာနဲ့ သရက်ပင်ရွာထဲကို ကျရောက်ခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးကြောင့် သရက်ပင်ရွာက အသက် ၃၀ ကျော် အမျိုးသား ၁ ယောက်၊ နိုးကိုးရွာက အသက် ၁၀ နှစ်အရွယ် မိန်းကလေး ၁ ယောက်၊ အသက် ၃၀ အရွယ်အမျိုးသား ၁ ယောက်၊ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ၁ ယောက်တို့ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာသူ ၆ ယောက်ရှိတဲ့အပြင် နေအိမ်တွေလည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

Jobs for Kayah ရဲ့ တာဝန်ခံက “အရင်ရက်တွေကလည်း ကျေးရွာတွေထဲ လက်နက်ကြီး ရမ်းပစ်တာတွေရှိတယ်ဗျ။ အဓိက က လွိုင်ကော်လမ်းပေါက်ဖို့၊ အကုန်လုံးကို ထိန်းချုပ်နိုင်ဖို့ ဒီကောင်တွေ ပြန်လုပ်လာတာ။ မိုးဗြဲမှာ ခု လက်ရှိ တိုက်ပွဲဖြစ်တာမရှိဘူး” လို့ ပြောပါတယ်။

မိုးဗြဲမြို့ရဲ့ ခလရ ၄၂၂ ထပ်ထဲကို ပင်လောင်း၊ ဖယ်ခုံက စစ်ကောင်စီနဲ့ PNO အင်အား ၅၀၀ ကျော်ပါ စစ်ကြောင်း ရောက်ရှိနေပြီး ဝါရီဆူးဖလိုင်နဲ့ မိုးဗြဲကုန်းသာဘက်မှာ အင်အား ၁၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ အောက်တိုဘာလစကပြီး ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်အစပ်ကို အင်အား ၄,၀၀၀ ကျော်လောက် ထပ်ပြီးဖြည့်တင်းနေတယ်လို့လည်း ဒေသခံတွေနဲ့ မြေပြင် သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က မိုးဗြဲ လွိုင်ကော်လမ်းမတကြောကို နေရာယူချင်တဲ့အတွက် ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ပြီး နယ်မြေရှင်းလင်းတာတွေ ပြုလုပ်နေတဲ့အပြင် စစ်ကြောင်းထိုးရာလမ်းတလျှောက်မှာလည်း ပြည်သူတွေ သတ်ဖြတ်ခံရတာတွေရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာတွေ၊ တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ လေကြောင်းကနေ ဗုံးကြဲတာတွေကြောင့် ပြည်သူတွေ သေဆုံးသလို သတ်ဖြတ်ခံရတာတွေလည်းရှိလို့ နေရပ်စွန့်ခွာပြီး စစ်ရှောင်ကြဖို့ တိုက်တွန်းတာတွေလည်း ရှိနေပါတယ်။

နိုဝင်ဘာ ၈ ရက် ည ၁၁ နာရီခွဲလောက်ကလည်း တိုက်ပွဲမရှိဘဲ  ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်း အရှေ့ဘက်ကမ်းက ကာလကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် စစ်ရှောင် ၂ ယောက် သေဆုံးပြီး နေအိမ်တွေလည်း ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013