Home
မြန်မာသတင်း
မိုးမောက် ခမရ (၄၃၇) ကို ပြန်လည်ရရှိရန် စစ်ကောင်စီတပ်က အပြင်းအထန်ထိုးစစ်ဆင် 
DVB
·
November 10, 2024

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အထက်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA)  သိမ်းပိုက်ရရှိထားတဲ့ မိုးမောက်မြို့ ခမရ(၄၃၇) စစ်ကောင်စီတပ်စခန်းအနီး အောင်မြေ အလယ်တန်းကျောင်း ပတ်ဝန်းကျင်ကို ရောက်ရှိနေပြီး တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေတယ်လို့ ရှေ့တန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကနေ သိရပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူအပါအဝင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး သံချပ်ကာယာဉ် အများအပြားနဲ့   သီတင်းကျွတ်ကာလ ပြီးကတည်းကနေ အပြင်းအထန် ပြန်လည်ထိုးစစ်ဆင်နေတာလို့ သိရပါတယ်။

သံချပ်ကာယာဉ်တွေ အပါအဝင် စစ်ကောင်စီတပ်သားတွေ အောင်မြေ (၇) မိုင်ရွာထိပ် ပတ်ဝန်းကျင်နဲ့နေ အိမ်တွေမှာ နေရာယူပြီး ပစ်ခတ်တိုက်ခိုက်နေတာလို့ မြေပြင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“တဖြည်းဖြည်းနဲ့ တက်လာတာ ရွာထိပ်ဘက်ကို ရောက်လာပြီ ဒီအောင်မြေ စာသင်ကျောင်းနားမှာလည်း သံချပ်ကာ ကားရပ်ပြီး အဲဒီကနေ ပစ်ပေးနေတယ်လို့ ကြားတယ်၊ အိမ်တွေမှာလည်း နေရာယူထားတာ အများကြီးပဲ။ တိုက်သုံးထပ်အိမ်တွေမှာကော နေရာယူပြီး ပစ်နေတယ်၊ အဲဒီပတ်ဝန်းကျင်မှာက စစ်တပ်(စကစ)က တက်လိုက်၊ KIA ကပစ်လို့ ပြန်ဆုတ်သွားလိုက်၊ အဲဒီလိုပဲ ရှေ့တိုးနောက်ဆုတ်ဖြစ်နေတယ်။”

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာလာတဲ့ အချိန် လေကြောင်းတိုက်ခိုက်မှုတွေလည်း ပိုမိုပြုလုပ်လေ့ရှိတယ်လို့သိရပါတယ်။

စစ်ကောင်စီဘက် ဒရုန်းအသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်တာတွေလည်း ရှိနေပြီးတော့ ဒရုန်းကြောင့် KIA ဘက်က  ထိခိုက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

မိုးမောက်မြို့ ခမရ (၄၃၇) တပ်စခန်း ပြန်လည်ရရှိရေးအတွက် စခန်း လက်လွတ်ခဲ့ပြီးနောက် ၃ ရက်အကြာ ဩဂုတ် ၂၃  ရက်ကတည်းက စစ်ကောင်စီတပ်က ပြည်လည်ထိုးစစ်ဆင်နေတာ ဖြစ်ပေမဲ့ တပ်စခန်းကိုတော့ အခုအချိန်အထိ သိမ်းပိုက်နိင်ခြင်းမရှိသေးပါဘူး။

တိုက်ပွဲတွေကြောင့် မိုးမောက်မြို့က ပြည်သူတွေကလည်း ဗန်းမော်မြို့ပေါ်နဲ့ နီးစပ်ရာ တောတောင်တွေနဲ့ ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024