မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဟင်္သာကုန်းကျေးရွာကို နိုဝင်ဘာ ၇ ရက်နေ့ ညနေ ၅ နာရီခွဲ၀န်းကျင်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူ ၂ ယောက် သေဆုံးကာ ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မတ္တရာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၀င်တယောက်က “စစ်တပ်ကတပ်စွဲထားတဲ့နေရာ ၄၊ ၅ ခုလောက်ရှိတယ်။ ဘယ်ကနေပစ်တယ်ဆိုတာတော့မသိရသေးဘူးဗျ။ လက်နက်ကြီးကျည်ထိလို့ ဟင်္သာကုန်းရွာကရွာခံ ၂ ဦးတော့ နေရာမှာတင်ဆုံးသွားတယ်။ ဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုတော့ စုံစမ်းနေဆဲမို့ပါ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ ဟင်္သာကုန်းကျေးရွာက အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်တို့ နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၆၅ နှစ်အရွယ် အမျိုးသမီး တယောက် အပါအဝင် ဒေသခံပြည်သူ ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားခဲ့ကြတယ်လို့ ဆိုပါတယ်။
“လောလောဆယ် တိုက်ပွဲဖြစ်နေတာမရှိပါဘူး။ အသားလွတ်ရမ်းပစ်နေတာပါ။ အခုရက်ပိုင်းလေးတင် စစ်တပ်ရဲ့ လက်နက်ကြီးကျည်ထိလို့ အပြစ်မဲ့တဲ့ ပြည်သူ ၄ ဦးထက်မနည်းသေဆုံးခဲ့ရပါပြီ။ ပြည်သူပိုင်အိမ်တွေလည်း မီးလောင်ပျက်စီးကုန်ပါတယ်” လို့ မတ္တရာမြို့နယ် ပြည်သု့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာ၀န်ခံတယောက်က ပြောပါတယ်။
မတ္တရာမြို့ဘောလုံးကွင်းနဲ့ ထီးတော်မိုးကျေးရွာအပါအ၀င် ခလရ ၉၅ တပ်တွေက စစ်ကောင်စီ တပ်ဖွဲ့၀င်တွေဟာ ပတ်၀န်းကျင်ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ နေ့စဥ်ပစ်ခတ်နေတာကြောင့် ထောင်ချီတဲ့ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့လည်း သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ကိုးပင်ကျေးရွာကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အသက် ၇၀ ၀န်းကျင် အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက်တို့ သေဆုံးခဲ့ရပါသေးတယ်။