Home
မြန်မာသတင်း
တန့်ဆည်နှင့် ပေါက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဗုံးကြဲ၊ ပြည်သူအချို့ သေဆုံးဒဏ်ရာရ
DVB
·
November 10, 2024
Photo: ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းက ကျေးရွာ ၅ ရွာကို စစ်ကောင်စီတပ်က အင်ကုက္ကား အထိုင်ချစခန်းကနေ နိုဝင်ဘာ ၉ ရက် မနက် ၁၁ နာရီလောက်ကနေ နေ့လယ် ၁ နာရီအထိ ဒရုန်းယာဉ် ၂ စီးအသုံးပြုပြီး ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးချတိုက်ခိုက်ခဲ့တာကြောင့်  ကျေးရွာ ၅ ရွာအတွင်း ဘာသာရေး အဆောက်ဦနဲ့စာသင်ကျောင်းအချို့ ပျက်စီးဆုံးရှုံးခဲ့ရပြီး ပြည်သူ ၁ ယောက် သေဆုံး၊ ၆ ယောက် ဒဏ်ရာရရှိခဲ့ရကာ အိမ်မွေးတိရစ္ဆာန်နွားတကောင်လည်း သေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

ဒေါင်ကြီးရွာသားတယောက်က “ကျနော်တို့ ဒေါင်ကြီးရွာက ဘုန်းတာ်ကြီးကျောင်းပေါ်ကို စကစဘက်က ဒရုန်းယာဉ် ၂ စီး အသုံးပြုပြီး ၈၁ မမ ဗုံးသီး ၅ လုံးချတယ်ဗျ။ အဲလို ဗုံးသီးချလို့ ကပ္ပိယ အမျိုးသား ၂ ဦး ထိခိုက်တယ်။ ဘုန်းကြီးကျောင်း တကျောင်းနဲ့ ဓမ္မာရုံ ကျောင်းဆောင် ပျက်စီးတယ်ဗျ။ ထိခိုက်ဒဏ်ရာရတဲ့ ကပ္ပိယ ၂ ဦးရဲ့ အသက်ကတော့ တဦးက ၇၀ ကျော်နဲ့ တဦးက ၄၀ ကျော်အမျိုးသားတွေ ဖြစ်တယ်ဗျ” လို့ ပြောပါတယ်။

ဒေါင်ကြီးရွာဘုန်းတာ်ကြီး ကျောင်းဝင်းအတွင်းမှာ လက်နက်ကိုင်အဖွဲ့အစည်း တစုံတရာမရှိသလို တိုက်ပွဲဖြစ်ပွားတာလည်းမရှိဘဲနဲ့ကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်သွားတာလို့ ဆိုပါတယ်။

အလားတူ တန့်ဆည်မြို့နယ် ချောင်းဆုံ တောင်ရွာကိုလည်း ဒရုန်းအသုံးပြုပြီး စစ်ကောင်စီတပ်က ဗုံးသီး ၅ လုံး ချတိုက်ခိုက်သွားပါတယ်။

ချောင်းဆုံရွာသားတယောက်က “ကျနော်တို့ ရွာကနေ အုတ်ဖိုအိုင်စာသင်ကျောင်းအနီးကို ဗုံးသီး ၅ လုံး ထပ်ချပြီး  တိုက်ခိုက်တယ်။ အထိအခိုက်တော့မရှိဘူးလို့တော့ သိထားရတယ်ဗျ။ နောက်ပြီး ဇီးဖြူကုန်းရွာကိုလည်း ၈၁ မမ ဒုန်းဗုံးသီး ၅ လုံးချ တိုက်ခိုက်သွားသေးတယ်ဗျ၊ အဲဒီရွာကလည်း အထိခိုက်မရှိခဲ့ဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က နဘတ်ကြီးရွာကိုလည်း ဗုံးသီး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း ရွာသားတယောက်က ပြောပါတယ်။

“ကျနော်တို့ရွာက နဘက်ကြီးရွာကားဂိတ်အနီးကို ကြဲချခဲ့တာဗျ။ ပြည်သူအမျိုးသမီး ၁ ဦး  သေဆုံးပြီး အမျိုးသား ၄ ဦးထက်မနည်း ဒဏ်ရာရှိခဲ့တယ်။ ဘာစစ်ကြောင်းမှမရှိသလို ဘာ PDF မှလည်း မရှိပါဘူး။” 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ကလည်း ဝရင်ငယ်ပျူရွာကနေ ဒရုန်ယာဉ်တွေအသုံးပြုပြီး ကျွန်းတောကုန်းရွာကို ဗုံးသီး ၆ လုံးချ တိုက်ခိုက်တာကြောင့် ပြည်သူ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ကတော့ အခု ၂၀၂၄ ခုနှစ် အောက်တိုဘာလနဲ့ နိုဝင်ဘာလများမှာ စစ်ကောင်စီနဲ့ ပျူစောထီး အထိုင်ချ‌နေထိုင်တဲ့ ကျေးရွာအနီးက  ပြည်သူကျေးရွာတွေကို ဒရုန်းတွေ အသုံးပြုပြီး ဗုံးသီးချ တိုက်လာတာကို တွေ့ရှိရပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက သရက်လေးပင်ကျေးရွာကို နိုဝင်ဘာ ၉ ရက်နေ့ မနက် ၉ နာရီ၀န်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် ဒေသခံပြည်သူ ၂ ယောက် ဒဏ်ရာရရှိကာ လူနေအိမ်တချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။

ပေါက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာ၀န်ရှိသူတယောက်က “ရွာခံ ၂ ဦးက မစိုးရိမ်ရတဲ့ ဒဏ်ရာတွေရရှိခဲ့ကြလို့ ဆေးကုသမှုခံယူနေပါတယ်။ အိမ် ၅ လုံးထိတဲ့အထဲက ၃ လုံးကတော့ လူနေမရအောင် လုံး၀ပျက်စီးသွားတယ်။ အဲဒီရွာက ပြည်သူပိုင် နွား ၆ ကောင်လည်း သေသွားတယ်” လို့ DVB ကို ပြောပါတယ်။

ဒါ့အပြင် သရက်လေးပင်ကျေးရွာကို ကပစ ၂၄ အနီးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်က ၈၁ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို ပေါက်မြို့ပေါ်က စစ်ကောင်စီတပ်သားတွေကလည်း ဒရုန်းနဲ့ ဗုံးသီး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့​သေးတယ်လို့ ဆိုပါတယ်။

ပေါက်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာ၀န်ခံတယောက်က “တိုက်ပွဲဖြစ်တာ မရှိပါဘူး။ သူတို့ဘက်က ပြည်သူတွေနေတဲ့ ရွာတွေကို ပစ်မှတ်ထားပြီး အကြောင်းမဲ့ကြီး ပစ်ခတ်နေတာပါ။ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ပြည်သူကို ပစ်မှတ်ထားပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတဲ့ စစ်ကောင်စီတပ်ကို အမြန်ဆုံးထိထိရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ပေါက်မြို့နယ်အတွင်းက ကျေးရွာတွေကို လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ သေဆုံးဒဏ်ရာရခဲ့ကြသလို လူနေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013