ပြည်သူ့စစ်တွေ ကြီးစိုးတဲ့ မဟာအောင်မြေမြို့နယ်မှာ ဒီဇင်ဘာ ၂၄ ရက် ညနေ ၅ နာရီခွဲက ဆင်ဖြူတော်ငွေလွှဲဆိုင် ဓားပြတိုက်ခံရပြီး ငွေသိန်း ၇၀၀ နဲ့ ကားတစီးပါသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မဟာအောင်မြေမြို့နယ် ၄၃ လမ်း ၆၄-၆၅ လမ်းကြားက ဆင်ဖြူတော်ငွေလွှဲဆိုင်ကို ကားတစီးနဲ့ ရောက်လာကာ သေနတ်ပြပြီး ဓားပြတိုက်သွားတာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“ရွှေစင်ရတနာရွှေဆိုင် ဓားပြတိုက်ခံရတာ တပတ်တောင် မပြည့်သေးဘူး၊ အခုထပ်ပြီး ဓားပြတိုက်ခံရတယ်။ မဟာအောင်မြေမှာ သေနတ်အများဆုံးကိုင်တာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ပဲ ရှိတယ်။”
ဆင်ဖြူတော်ငွေလွှဲဆိုင်ကို ကားနဲ့ လာရောက်ဓားပြတိုက်သူတွေဟာ ဆိုင်ရှင်ကို သေနတ်နဲ့ချိန်ပြီး ငွေတွေကို အိတ်ထဲထည့်ခိုင်းကာ အဆိုပါဆိုင်မှ ကားတစီးကိုလည်း ယူဆောင်သွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ရဲတွေက ဓားပြတိုက်မှုဖြစ်တိုင်း အတိုက်ခံရတဲ့ ဆိုင်က CCTV record ပဲယူတာ။ ဖမ်းမိလား၊ မဖမ်းမိလား မသိဘူး။ ဆယ်သန်းရွှေဆိုင်ဆို နှစ်ကြိမ် ဓားပြတိုက်ခံရတယ်၊ အခုထိမမိဘူး။ လုယက်မှုတွေလည်း အများကြီးပဲ။”
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်က မဟာအောင်မြေမြို့နယ်ရှိ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက် လုယက်ခံရပြီး ရွှေ ၃ ပိဿာကျော် ပါသွားခဲ့ပါတယ်။
အလားတူပင် မေ ၃၁ ရက်က မဟာအောင်မြေမြို့နယ် မန်းမြို့စျေးအတွင်းက ဆယ်သန်းရွှေဆိုင် ဒုတိယကြိမ်မြောက် ထပ်မံဓားပြတိုက်ခံခဲ့ရပါတယ်။
မဟာအောင်မြေမြို့နယ် လုံခြုံရေးကို စစ်တပ်၊ ရဲနဲ့ ပူးပေါင်းပြီး တာဝန်ယူထားသူမှာ ရဲမွန်တောင် ပြည်သူ့စစ်အဖွဲ့ဖြစ်ပြီး ဦးဆောင်သူမှာ ဦးနေမျိုးကျော် ဖြစ်ပါတယ်။