မွန်ပြည်နယ်မြို့တော် မော်လမြိုင်မြို့မှာ အခု ဒီဇင်ဘာလ ဒုတိယအပတ်ကစပြီး လုယက်မှုတွေ နေ့စဥ်ဆိုသလို ဆက်တိုက်ဖြစ်ပွားနေကြောင်း မြို့ခံတွေထံက သိရပါတယ်။
မော်လမြိုင်မြို့ရှိ မြို့လုံးကျွတ် တန်ဆောင်တိုင်ပွဲတော်တွေနဲ့ ဗုဒ္ဓပူဇနိယပွဲတော်တွေမှာ လောင်းကစားဝိုင်းတွေကိုပါ တရားဝင်ခွင့်ပြုပေးလာပြီးနောက်ပိုင်း လုယက်တာတွေ ပိုမိုများပြားလာတဲ့အပေါ်မြို့ခံတွေအကြား ဝေဖန်မှုတွေလည်း မြင့်တက်နေတာပါ။
ပွဲတော်တွေမှာ လောင်းကစားဝိုင်းတွေကို သက်ဆိုင်ရာခွင့်ပြုချက်မရရင် ဖွင့်လှစ်ခွင့်မရှိကြောင်းနဲ့ အခုလို လုယက်မှုတွေအပေါ် ဖမ်းဆီးရမိတာ မရှိတဲ့အတွက် အသက်အန္တရာယ်နဲ့ပါ ကြုံတွေ့နိုင်တယ်လို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“စိုးရိမ်ရတာပေါ့။ တော်ကြာ လုယက်ရာကနေ လူပါသတ်သွားရင် ဘယ်လိုလုပ်မလဲ။ အဓိကက လောင်းကစားဝိုင်းတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေလို့ပဲ ပြောရမယ်။ လုတဲ့လူတွေကလည်း တော်တော်လေး အတင့်ရဲလာကြသလို ဖမ်းမိတာလည်း မကြားမိဘူး။ မသိရင် လုယက်တဲ့လူတွေနဲ့ ကိုလှရွှေတို့ လက်ဝါးချင်းရိုက်ထားကြသလားမသိဘူး။”
မော်လမြိုင်မြို့မှာ အခုဒီဇင်ဘာလ ဒုတိယအပတ်အတွင်း ရွှေဆိုင်တွေအတွင်း ဝင်ရောက်လုယက်တာ၊ လမ်းသွားလမ်းလာနေတဲ့ ပြည်သူတွေဆီကနေ ပိုက်ဆံအိတ်နဲ့ ဖုန်းတွေ လုပြေးတာ၊ မြို့တွင်းရှိ အပေါ်စျေးနဲ့ အောက်စျေးရှေ့ လမ်းဘေးဖွင့်ထားတဲ့ ဈေးဆိုင်တွေက ပစ္စည်းတွေနဲ့ ပိုက်ဆံပုံးတွေ ဝင်ရောက်လုယက်တဲ့အထိ လုယက်မှုပေါင်း ၁၀ ခုနီးပါးထိ ရှိလာကြောင်း မြို့ခံတွေဆီက သိရပါတယ်။
ဒါ့အပြင် အများပြည်သူလုံခြုံရေးအတွက် Safe City ခေါင်းစဉ်နဲ့ မော်လမြိုင်မှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာတွေမှာ လူတွေကို မှတ်သားထားနိုင်တဲ့ ကင်မရာတွေ၊ ကားနဲ့ ဆိုင်ကယ်နံပါတ်တွေ ဖတ်လို့ရတဲ့ ကင်မရာတွေအပြင် ၃၆၀ လှည့်ပတ် ကြည့်ရှုနိုင်တဲ့ ကင်မရာတွေနဲ့ မှတ်တမ်းယူနိုင်တဲ့ ကင်မရာအလုံးရေ ရာနဲ့ချီရှိနေပေမဲ့ လုယက်သူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိတဲ့အပေါ် မြို့ခံတွေက ပြောဆိုဝေဖန်နေကြပါတယ်။