တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ နေအိမ်တလုံးကို ဓားပြလာတိုက်တဲ့ စစ်ကောင်စီတပ်သား ၂ ယောက်က အိမ်ရှင်လင်မယားကို ဓားထောက်၊ သေနတ်နဲ့ချိန်ပြီး ဖုန်းနဲ့ငွေကျပ် ၃ သိန်း ယူဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇဝဲကျေးရွာအုပ်စု၊ ပြင်ဝန်းကျေးရွာမှာရှိတဲ့ ထန်းပင်ကုန်းဘက်မှာ ဈေးဆိုင်ဖွင့်ထားတဲ့ ဦးဖေချစ် တို့လင်မယား ၂ ယောက်ရဲ့ နေအိမ်ကို ဒီဇင်ဘာ ၁၄ ရက် ည ၁၁ နာရီအချိန်ဝန်းကျင်မှာ စစ်ကောင်စီတပ်သား ၂ ယောက်က တံခါးဖွင့်ခိုင်းပြီး ဓားပြတိုက် လုယူသွားတာလို့ ပြောပါတယ်။
ဓားပြလာတိုက်တဲ့ တပ်သား ၂ ယောက်ထဲမှာ အဲဒီနေ့မနက်ပိုင်းက ဦးဖေချစ်တို့ဆိုင်မှာ ဈေးလာဝယ်ပြီးတော့ ပိုက်ဆံမပေးဘဲ အကြွေးထားခိုင်းတဲ့ တပ်သား ၁ ယောက်လည်း ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ပစ္စည်းတွေ ဟိုယူ ဒီယူ။ ပြီးတော့ ပိုက်ဆံမရှင်းဘဲ သွားတယ်တဲ့။ ညရောက်ရင် ဆိုင်ရှင်လင်မယားကို ခြိမ်းခြောက်ပြီး ဓားပြတိုက်ဖို့ ကြံထားတာ ထင်တယ်။ ဈေးဝယ်ပြီးတော့ ညဘက်မှာ ဓားပြတိုက်တော့ သူနဲ့အတူ နောက်အဖော်တယောက်လည်း ပါလာတယ်။ လင်မယား ၂ ယောက်ကို သေနတ်နဲ့ချိန်ပြီး ဖုန်းယူဆောင်သွားတယ်။ သူတို့ ဆိုင်မှာရောင်းတဲ့ အချိုရည်ဘူးတွေ ယူဆောင်သွားတယ်” လို့ ပြောပါတယ်။
ဓားပြလာတိုက်တဲ့ တပ်သား ၂ ယောက်ဟာ မြိတ်ဘက်က လူသစ်စုဆောင်းခံရသူတွေ ဖြစ်နိုင်ပြီး တနင်္သာရီမြို့နယ်ဘက်ကို စစ်ကူလာတဲ့ စစ်ကြောင်းမှာ ပါလာတာလို့ သိရကြောင်း ရမ်းဖိုရွာသားတယောက်က ပြောပါတယ်။
“ရမ်းဖိုဘက်မှာ ရောက်နေတဲ့ တပ်သားလို့ ပြောတယ်။ ဒီကောင်တွေက အခု စုဆောင်းခံထားရတဲ့ လူသစ်တွေလို့ ပြောတယ်။ မြိတ်လေသံနဲ့ ပြောတယ်ဗျာ။ အရင်က ဒီဘက်မှာ အောက်ဘက်က လေသံနဲ့ပြောတဲ့ စစ်သားမရှိဘူး။”
ဦးဖေချစ် တို့နေအိမ်ဟာ အခုနှစ် နိုဝင်ဘာ ၂၃ ရက် မနက်က စစ်ကောင်စီတပ်သားတွေ ရွာထဲ စစ်ကြောင်းထိုးပြီး နေအိမ် ၆ လုံးခန့် မီးရှို့ဖျက်ဆီးသွားရာမှာ ပါသွားသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။