Home
မြန်မာသတင်း
တနင်္သာရီတွင် အမျိုးသမီး ၁ ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ
DVB
·
December 1, 2024

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာက ဥယျာဥ်ခြံထဲမှာ  နိုဝင်ဘာ ၂၉ ရက် မနက် ၇ နာရီကျော်က  အမျိုးသမီးတယောက် မိုင်းနင်းမိပြီး ဘယ်ဘက် ခြေထောက်တဖက် ဆိုးရွားစွာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

မိုင်းနင်းမိတဲ့အမျိုးသမီးက အသက် ၂၇ အရွယ်ရှိတဲ့ မသန္တာဦး ဖြစ်ပြီး ဥယျာဉ်ခြံမှာ ကွမ်းသီးကောက်ဖို့အတွက် ရမ်းဖိုရွာရဲ့ ဆီအုန်းကုန်းကို ဖြတ်တဲ့အချိန် မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရခဲ့တာပါ။

ဒေသခံတယောက်က “သားအမိ သုံးယောက် သွားတာပါ။ သူတို့ဖြတ်တဲ့နေရာက စစ်ကောင်စီ လမ်းကင်းလာထိုးတဲ့ နေရာပါ။ ဆီအုန်းကုန်း ရှင်းလင်းဆောင်နားမှာပါ။ သူ့မိဘတွေတော့ ဘာမှမဖြစ်ဘူး”လို့ပြောပါတယ်။

မိုင်းနင်းမိတဲ့နေရာက စစ်ကောင်စီတပ်ဖွဲ့နဲ့တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ရေးလှုပ်ရှားမှုရှိတဲ့ နေရာလည်းဖြစ်တယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

အဆိုပါမိုင်းက ၁၄မိုင်း(ခြေနင်းမိုင်း)အမျိုးအစားဖြစ်ပြီး အဲ့ဒီမိုင်းကို စစ်ကောင်စီစစ်ကြောင်းက ထောင်ခဲ့တာဖြစ်တယ်လို့ အတည်ပြုရကြောင်းနဲ့ တော်လှန်‌ရေးတပ်ဖွဲ့ဆီမှာ သုံးလေ့မရှိတဲ့ မိုင်းအမျိုးအစားဖြစ်တယ်လို့ တနင်္သာရီမြို့နယ်ပကဖ ဇုန် ၃ တနင်္သာရီရိုးမအဖွဲ့ရဲ့ တာဝန်ခံတဦးက ပြောပါတယ်။

“သူနင်းမိတဲ့နေရာက ကျနော် တာဝန်ယူထားတဲ့ စစ်ကွင်းလည်းဖြစ်တယ်။ ပြီးတော့ စကစ စစ်ကြောင်းက ဒီလ ၂၅၊ ၂၆ရက်လောက်က ရမ်းဖိုဆီအုန်းကုန်းကို ရောက်လာသေးတယ်။ ပြန်အထွက်မှာ မိုင်းထောင်ခဲ့တာ ဖြစ်နိုင်တယ်။ ကျနော်တို့မှာက ရှော့တိုက်မိုင်းပဲ သုံးတာ များတယ်။ အခုက အော်ရယ်ဂျင်နယ် ၁၄ မိုင်းဖြစ်နေတော့ စစ်တပ်ရဲ့ မိုင်းလို့ အတည်ပြုနိုင်တယ်။”

‌မိုင်းနင်းမိတဲ့ လူနာကို  မြိတ်မြို့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး ‌လတ်တလောမှာ ဒဏ်ရာကို သွေးထွက်မလွန်အောင် ဆေးကုသထားပြီးတော့ မိုင်းထိတဲ့ ဘယ်ခြေထောက်က ဖြတ်တောက်ဖို့ ရှိ၊ မရှိ မသိရသေးဘူးလို့ ပြောပါတယ်။

ရမ်းဖိုရွာ ဆီအုန်းတောမှာ ဇဝဲအရွာအခြေစိုက် ခမရ ၅၅၆ တပ်ရင်းက ရိက္ခာကားတွေ သွားလာလေ့ရှိသလို့ တလမှာ ၂ ကြိမ်လောက် အနည်းဆုံး လမ်း‌ကင်းထိုး သွားလာလှုပ်ရှား‌လေ့ရှိတယ်လို့ ပြောပါတယ်။

ဒီမတိုင်ခင် ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကလည်း ဘန်းလမွတ်ရွာဖက်မှာ ဒေသခံ မောင်းနှင်လာတဲ့ ဆိုင်ကယ်တစီး မိုင်းနင်းမိပေါက်ကွဲခဲ့ပြီး အရပ်သားပြည်သူ အထိအခိုက်မရှိခဲ့ပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013