ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှာ မြေမြှုပ်မိုင်းနင်းမိလို့ ထိခိုက်ဒဏ်ရာရသူတွေ ပိုများလာပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်က အမျိုးသားတယောက် မြေမြှုပ်မိုင်းနင်းမိလို့ ဘယ်ဘက်ခြေထောက် ပြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မုန်းမြို့ ၄ ရပ်ကွက်နေ အသက် ၃၀ ကျော်အရွယ် ကိုကျော်သက်ဟာ နိုဝင်ဘာ ၂၂ ရက်က နေ့လယ်က မြေမြှုပ်မိုင်း နင်းမိခဲ့တာလို့ အဆိုပါရပ်ကွက်နေ ဒေသခံ အမျိုးသားက ပြောပါတယ်။
“ငါးမျှားရအောင်ဆို ထွက်သွားတာ၊ သူတို့နောက်ဖေးဘက်မှာ ချောင်းက၊ အဲဒီချောင်းစပ်မှာပဲ မိုင်းနင်းမိပြီး ထပေါက်တာ၊ ဘယ်ဘက်ခြေထောက်ဒူးအောက်ကနေ ပြတ်သွားတာ၊ ဘေးတွဲနဲ့ ဖြူးမြို့ပေါ် သယ်လာတာ၊ အဲဒီကမှတဆင့် ပရဟိတကားက လာကြိုပြီး တောင်ငူဆေးရုံကို ပို့ပေးတာ၊ ခြေထောက်ဖြတ်ရမယ် ပြောတယ်။”
နိုဝင်ဘာ ၁၃ ရက်ကလည်း မုန်းမြို့၊ ရပ်ကွက် ၄ မှာနေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်တယောက် မိုင်းနင်းမိပြီး ခြေထောက်တဖက် ဆုံးရှုံးခဲ့တယ်လို့ ဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။
“ကောင်လေးက ရာဘာခြံထဲမှာ အစေးခြစ်နေတာ၊ အဲဒီမှာ မိုင်းနင်မိတာ၊ ဘယ်ဘက်ခြေထောက် ထိသွားတာ။ ခြေချင်းဝတ်အထက်က ဖြတ်ပစ်ရတယ်။ ဘယ်အဖွဲ့တွေက ထောင်တဲ့မိုင်းဆိုတာ မသိရဘူး။”
မြေမြှုပ်မိုင်းတွေကို စစ်ကောင်စီတပ်တွေကလည်း အသုံးပြုတာရှိသလို တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကလည်း အသုံးပြုတာရှိပါတယ်။
မုန်းမြို့နယ်မှာ ပြည်သူတွေ မကြာခဏ မြေမြှုပ်မိုင်းထိလို့ ထိခိုက်ဒဏ်ရာရသူတွေရှိနေပြီး ပြီးခဲ့တဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာ ၂၂ ရက်အထိ မိုင်းထိပြီး ဒဏ်ရာရရှိတဲ့ ပြည်သူ ၅ ယောက် ထက်မနည်း ရှိတယ်လို့ ဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၈ ရက်ကလည်း အသက် ၂၀ အရွယ် အမျိုးသမီးတယောက် မုန်းချောင်းအတွင်း ရေးဆင်းခပ်ရာ မိုင်းပေါက်ကွဲပြီး ခြေထောက်နှစ်ဖက်လုံး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
မုန်းမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာပထမအပတ်အတွင်းက စတင်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ပွဲပြင်းထန်ခဲ့လို့ ပြည်သူအများအပြား စစ်ရှောင်ခဲ့ရပြီး မုန်းမြို့မဈေးကြီးလည်း မီးလောင်ဆုံးရှုးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူ ၁,၀၀၀ ကျော်ရှိပြီး ဆီရီးယားနိုင်ငံထက် စံချိန်တင်ပိုမိုများပြားခဲ့တယ်လို့ မြေမြှုပ်မိုင်း အသုံးပြုမှု တားမြစ်ရေး နိုင်ငံတကာစည်းရုံးလှုံ့ဆော်ရေးအဖွဲ့ (ICBL)က နိုဝင်ဘာ ၂၀ ရက်က ထုတ်ပြန်ထား ပါတယ်။