မကွေးတိုင်း၊ ဂန့်ဂေါမြို့မှာ နိုဝင်ဘာ ၄ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတယောက် ကြက်လိုက်ဖမ်းရင်း ကိုယ့်မိုင်းကိုယ်နင်းမိပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဂန့်ဂေါမြို့ခံတယောက်က “ညပိုင်း အရက်သောက်ရင်း မြည်းဖို့ ကြက်လိုက်ဖမ်းတာတဲ့။ အဲဒီမှာ သူတို့ဘက်က ထောင်ထားတဲ့မိုင်း ပြန်နင်းမိပြီး ခြေမျက်စိအထက်နားက ဖြတ်ရတယ်။ သေတာက နောက်နေ့မနက်မှ” လို့ ပြောပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ ဂန့်ဂေါမြို့အခြေစိုက် အမှတ် ၅၀ ခြေလျင်တပ်ရင်း (ခလရ ၅၀) က တပ်သားအဆင့်ဖြစ်ပြီး ကြက်လိုက်ဖမ်းရင်း တပ်ခြံစည်းရိုးအနီးမှာ သူတို့ထောင်ထားတဲ့မိုင်းကို ပြန်နင်းမိပြီး နိုဝင်ဘာ ၄ ရက် မနက်ပိုင်းမှာ သေဆုံးတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “သူတို့တပ်ထဲမှာ နောက်ချန်အင်အားက မရှိသလောက် နည်းနေပြီ။ အဲဒီတော့ အကြောက်လွန်ပြီး တပ်ပတ်ချာလည်က ခြံစည်းရိုးတွေမှာ မိုင်းတွေထောင်တယ်။ အခုတော့ ကိုယ်ဖော်တဲ့ဆေး ကိုယ်ပြန်စားရတာပေါ့” လို့ ပြောပါတယ်။
လာမယ့် နိုဝင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ ခလရ ၅၀ တပ်ကနေ ဦးစီးပြီး ဝန်ထမ်းပေါင်းစုံ ဘုံကထိန်ကို ဂန့်ဂေါမြို့ သာသနာ့ဗိမာန်မှာ ကျင်းပမှာဖြစ်လို့ အဆိုပါနေ့ရက်တွေမှာ ဒေသခံပြည်သူတွေအနေနဲ့ အသွားအလာဆင်ခြင်ကြဖို့ သတိပေးထားတယ်လို့လည်း ဂန့်ဂေါမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လထဲမှာ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ရင်းက ဗိုလ်ကြီးမျိုးဝင်းသူနဲ့ စစ်သည်ဇနီး ၂ ယောက်တို့ကို PDF တပ်ဖွဲ့တွေဆီ ကျည်ဆန်တွေ ရောင်းချမှုနဲ့ စစ်ကောင်စီက ဖမ်းဆီးအရေးယူခဲ့ပါတယ်။