ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ တလအတွင်း လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူတဲ့ ဖြစ်စဉ် ၃၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းမိတာ မရှိခဲ့ဘူးလို့ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်ကနေ ၃၀ ရက်အထိ တလအတွင်း လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူတဲ့ ဖြစ်စဉ် ၃၃ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး ကျူးလွန်ခံရသူတွေက ရဲစခန်းနဲ့ စစ်ကောင်စီတပ်မှာ တိုင်ကြားထားပေမဲ့ တရားခံတွေကို ဖမ်းမိတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “ဧရာဝတီတိုင်းထဲမှာ ဖောက်ထွင်း၊ ခိုးယူ၊ လုယက်၊ ဓားပြတိုက်တဲ့ ဖြစ်စဉ်က မနည်းဖြစ်ခဲ့တာ။ ၃၃ ကြိမ်လောက်အထိ ဖြစ်ခဲ့တာ။ ရဲစခန်းမှာတိုင်ထားတဲ့ စာရင်းပေ့ါ။ မြေပြင်မှာ ဖြစ်ပျက်သွားပြီး မတိုင်တာတွေလည်း ရှိတယ်လို့ သိရတယ်။ တိုင်ထားပေမဲ့လည်း တရားခံတွေကို ဖမ်းမိတာ မရှိခဲ့ဘူး။ အမှုတွေ စုံစမ်းကြည့်တော့ ပစ္စည်းကို လိုချင်တာကြောင့် လုယက်တာ၊ ခိုးတာတွေ အဖြစ်များတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ဧရာဝတီတိုင်းမှာ လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူတဲ့ ဖြစ်စဉ်တွေဟာ လပွတ္တာ၊ ဝါးခယ်မ၊ ပုသိမ်၊ ဘိုကလေး၊ မအူပင်၊ ဟင်္သာတ၊ ကျောင်းကုန်း၊ မြောင်းမြ၊ ပန်းတနော် စတဲ့မြို့နယ်တွေမှာ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ဒေးဒရဲဒေသခံတယောက်က “ဒေးဒရဲဘက်မှာ စပါးတက်ရောင်းတဲ့ ကုန်သည်တွေကို နိုဝင်ဘာလထဲမှာ နေ့ခင်းကြောင်တောင် လူကို ဓားနဲ့ထိုး၊ ပိုက်ဆံလုယက်ခံရတာ။ ကောင်လေးတယောက်ဆို တော်တော် ဒဏ်ရာပြင်းလို့ ဆေးရုံတင်ခဲ့ရတာ။ ဒီလို အတင့်ရဲ လုယက်တာတွေက အခုနောက်ပိုင်း ခပ်စိပ်စိပ်ဖြစ်လာတယ်။ ဒီလိုနေရာတွေမှာ အရင်က ဒါမျိုးဖြစ်စဉ် လုံးဝမဖြစ်ခဲ့ဖူးဘူး” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ကင်းလှည့်တာတွေလုပ်ပေမဲ့ PDF လို့ စွပ်စွဲဖမ်းတာ၊ ဆိုင်ကယ်နဲ့ ကားတွေကို စစ်ဆေးဖမ်းတာတွေပဲ အဓိကထား လုပ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။
၂၀၂၄ ခုနှစ် ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်အထိ တလအတွင်းကလည်း ဧရာဝတီတိုင်းထဲမှာ လုယက်၊ ဖောက်ထွင်း၊ ခိုးယူလုယက်၊ ဓားပြတိုက်ခံရတဲ့ဖြစ်စဉ် အကြိမ် ၂၀ ကျော်အထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။