Home
မြန်မာသတင်း
မုံရွာမြို့ပေါ် ရွှေဆိုင်ဓားပြမှုက တရားခံ ၃ ဦး ထပ်မံဖမ်းဆီးရမိ
DVB
·
December 1, 2024
Photo: မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က နဝရတ်ရွှေဆိုင် ဓားပြတိုက်မှုမှာပါဝင်ခဲ့သူ ၃ ယောက်ကို ထပ်မံဖမ်းဆီးရမိ​ခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က နိုဝင်ဘာ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့က မုံရွာမြို့၊ မြဝတီရပ်ကွက်က နဝရတ်ရွှေဆိုင်ကို အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက်က ဈေးဝယ်ဟန်ဆောင်ပြီး သေနတ်နဲ့ဓားပြတိုက်သွားခဲ့တာပါ။

မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက  “နဝရတ်ရွှေဆိုင်ဓားပြတိုက်မှုမှာ ပါဝင်ခဲ့တဲ့ အမျိုးသား ၃ ဦးကို မုံရွာမြို့နယ် ပလဖ ဒုတာဝန်ခံ ကိုသီဟ နဲ့ မုံရွာခရိုင်တပ်ရင်း ၄ က တာဝန်ခံ ဒေါနမောင်မောင်တို့ ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်ရဲဘော်တွေပူးပေါင်းဖမ်းဆီးခဲ့ကြတာပါ” လို့ ပြောပါတယ်။

အခု ဖမ်းဆီးရမိသူတွေဟာ အသက် ၂၀ အရွယ် ဟိန်းကိုကို (ခ) မိုးညို၊ အသက် ၂၄ နှစ်အရွယ် စိုးသူ (ခ) အရှည်ကြီးနဲ့ အသက်၂၅ နှစ်အရွယ် အောင်နိုင်ထွန်း (ခ) တောသား (ခ) အငယ်လေးတို့ဖြစ်တယ်လို့ ဆိုပါတယ်။

မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ တာဝန်ခံ အာကူး က “အခုဖမ်းမိတဲ့ ၃ ယောက်ထဲမှာ ၁ ယောက်ကတော့ သူကိုယ်တိုင် ကျနော်တို့ဆီ လာအဖမ်းခံခဲ့တာပါ။ ကျန်တဲ့ ၂ ယောက်က တခြားမြို့တွေကိုရှောင်နေလို့ သူတို့ရှောင်နေတဲ့မြို့နယ်တွေက အဖွဲ့တွေနဲ့ချိတ်ပြီး ဖမ်းဝရမ်း ထုတ်ထားခဲ့လို့ ပူးပေါင်းပြီး ဖမ်းမိနိုင်ခဲ့တာပါ။ အဲဒီဖြစ်စဉ်မှာပါပြီး ထွက်ပြေးနေတဲ့ ၂ ယောက် ကျန်ပါသေးတယ်။ သူတို့ကိုလည်း အမြန်ဆုံးအဖမ်းခံကြဖို့နဲ့ အဖမ်းမခံရင် သူတို့ ထွက်ပြေး တိမ်းရှောင်နေတဲ့ ဒေသတွေအလိုက် ပစ်မိန့်ပေးပြီး ဖမ်းဆီးနိုင်ဖို့ ဆက်လက် လုပ်ဆောင်သွားမှာပါ” လို့ DVB ကို ပြောပါတယ်။

ရွှေဆိုင်ဓားပြတိုက်မှုမှာပါဝင်ပြီး ထွက်ပြေးတိမ်းရှောင်နေကြသူတွေဟာ ကတုံး နဲ့ ခိုင်ခိုင်လွင် တို့ဖြစ်ပြီး ဖမ်းဆီးရမိထားသူတွေကို မုံရွာမြို့နယ် ပလဖ တာဝန်ခံ ကိုအာကူး နဲ့ မုံရွာမြို့နယ် ပကဖ တာဝန်ခံတို့ပူးပေါင်းပြီဂ အထူးစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

နဝရတ်ရွှေဆိုင်ဓားပြတိုက်ခံရပြီး ရက်ပေါင်း ၂၀ ကျော်အကြာ အောက်တိုဘာ ၁၅ ရက်နေ့မှာ ဓားပြတိုက်မှုမှာပါဝင်ခဲ့ကြတဲ့ အမျိုးသား ၃ ယောက်ကို သေနတ် ၃ လက်နဲ့အတူ မုံရွာပလဖ က စတင်ဖမ်းဆီးရမိခဲ့ပြီးနောက် နိုဝင်ဘာ ၁၂ ရက်နေ့မှာတော့ ဓားပြတိုက်မှုမှာပါဝင်ခဲ့တဲ့ အမျိုးသမီး ၁ ယောက် မုံရွာ ပလဖ ဆီကို လာရောက်အဖမ်းခံခဲ့တာကြောင့် ဖမ်းဆီးရမိသူ ၇ ယောက်ရှိပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နဲ့ ၂၆ ရက်နေ့က မုံရွာမြို့ပေါ်က နဝရတ်ရွှေဆိုင်အပါအဝင် နေရာ ၃ ခုမှာ ဓားပြတိုက်ခံခဲ့ရပြီး နဝရတ်ရွှေဆိုင်ဓားပြမှုမှာတော့ ကျပ်သိန်းပေါင်း ၁ သောင်းခွဲနီးပါး ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မုံရွာမြို့ပေါ်က စစ်ကောင်စီအလိုကျ တာဝန်ထမ်းဆောင်နေကြတဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေဖြစ်ကြတဲ့ လျှပ်စစ်ဝန်ထမ်းတွေ၊ အကောက်ခွန်ဝန်ထမ်းတွေ၊ ပတ်စ်ပို့ဌာနက ဝန်ထမ်းတွေနဲ့ စည်ပင်ဝန်ထမ်းတွေဟာ ပြည်သူတွေအပေါ်အနိုင်ကျင့် ငွေကြေးကောက်ခံတာတွေ ပြုလုပ်နေတဲ့အပြင် စစ်ကောင်စီတပ်ကဖမ်းဆီးထားတဲ့ မိန်းမကောင်း၊ မိန်းမပျိုတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဟိုတယ်နဲ့ တည်ခိုခန်းတွေမှာ ခေါ်‌ဆောင်ဖျက်‌ဆီးခံနေရတာတွေ အတွက် ပြည်သူတွေဆီက တိုင်စာတွေ အဆက်မပြတ်ရောက်ရှိနေတာကြောင့် ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားတော့မှာဖြစ်တယ်လို့လည်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေး အဖွဲ့က နိုဝင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013