ကမာရွတ်မြို့နယ် အမှတ် ၇ ရပ်ကွက် ကျွန်းတောလမ်းမှာ နိုဝင်ဘာ ၂၈ ရက် နေ့လယ် တနာရီဝန်းကျင်က မိသားစုဝင် ၃ ယောက်အား အမျိုးသား ၅ ယောက်က ဓားနဲ့ခုတ်ပြီး ငွေသိန်း ၂၀၀ နဲ့ ဖုန်း ၆ လုံးကို လုသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ကျွန်းတောလမ်း တိုက်အမှတ် ၅ အခန်းနံပါတ် ၁၉၀၁ မှာ နေထိုင်တဲ့ ရှမ်းတရုတ်မိသားစုဝင် ၃ ယောက်ကို အမည်မသိအမျိုးသား ၅ ယောက်က ဓားပြတိုက်ခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
“ဓားပြတိုက်ခံရတာ ရဲတွေရော ဆေးရုံကားလာမှ သိတာ။ ဓားဒဏ်ရာရနေတဲ့ အမျိုးသားတယောက်ကို ဆေးရုံခေါ်သွားတယ်။ ဖုန်းတွေရော၊ ပိုက်ဆံတွေရော ပါသွားတယ်လို့ ကြားတယ်။ ကျွန်းတောလမ်းကို ရဲတွေ၊ စစ်တပ်ရော ပိတ်ပြီး စစ်တာ ဒါပေမဲ့ မမိဘူး။”
ဓားပြတိုက်ခံရတဲ့ တိုက်အမှတ် ၅ မှာ ဦးစိုင်းခမ်း၊ ဒေါ်နန်းခမ်းစံ၊ မရှောက်ရီတို့ နေထိုင်ပြီး မနေ့က အမျိုးသား ၅ ယောက်က သူတို့ ၃ ယောက်ကို နေအိမ်အတွင်း နေရာခွဲချုပ်နှောင်ကာ ဦးစိုင်းခမ်းရဲ့ မျက်နှာ၊ ခြေထောက်၊ လက်တွေကို ဓားနဲ့မွှန်းကာ ငွေသိန်း ၂၀၀ ကျော်နဲ့ ဖုန်း ၆ လုံးယူသွားတာလို့ ကမာရွတ်ရဲစခန်းနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“ဦးစိုင်းခမ်းကို ကြိုးနဲ့တုပ်ပြီး ပိုက်ဆံမပေးမချင်း ဓားနဲ့မွှန်းနေတော့ ထုတ်ပေးလိုက်ရတယ်။ ဖုန်း ၆ လုံး ပါသွားတယ်။ ဓားပြတိုက်တဲ့အဖွဲ့က သေနတ်တွေရော၊ ဓားတွေရောပါတယ်။”
လတ်တလောမှာ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိခြင်းမရှိပေမဲ့ ကမာရွတ်မြို့မရဲစခန်းက ပ အမှတ် ၂၃၀/၂၀၂၄၊ ပုဒ်မ ၃၂၄၊ ၃၄၂၊ ၃၉၅ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။