ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့မဈေးကြီးထဲမှာ စက်တင်ဘာ ၁၆ ရက် ဒီကနေ့ မွန်းလွဲပိုင်းက ရွှေဆိုင်တဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ရှင်ပါ သေနတ်နဲ့အပစ်ခံရတယ်လို့ ဒေသခံက ပြောပါတယ်။
သူဟာ ငွေအသုံးလိုလို့ ရှိတဲ့ရွှေသွားရောင်းဖို့ ဈေးထဲသွားလိုက်တော့ ရှိသမျှရွှေဆိုင်တွေ အကုန်ပိတ်ထားကြပြီ၊ ဒီမတိုင်ခင်ရှေ့က ဓားပြတိုက်မှုဖြစ်တာကြောင့် ဈေးထဲရုတ်ရုတ်သဲသဲ ဖြစ်ပြီး ဆိုင်တွေပိတ်ကုန်တာလို့ ဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။
“ကျမ ဈေးရောက်တော့ ညနေ ၂ နာရီကျော်ပြီပေါ့၊ ရွှေဆိုင်တွေ အကုန်ပိတ်ထားတော့ အဲဒီနားကလူတွေ ပြောတာ။ ဈေးဝင်ပေါက်နားက ခိုင်ရွှေဝါရွှေဆိုင် ဓားပြတိုက်ခံရတယ်တဲ့၊ လူ ၂ ယောက်ဝင်လာတယ်။ တယောက်က ရွှေဆိုင်အပေါက်ဝမှာစောင့်ပြီး နောက်တယောက်က ရွှေဝယ်မလိုနဲ့ ရွှေတွေ တောင်းကြည့်တယ်။ ဆိုင်ရှင်က ထုတ်ပြတော့ အကုန်ကျုံးပြီး ထွက် ပြေးသွားတာ။ ရွှေ ၁၀ ကျပ်သား ပါသွားတယ်။”
ထွက်ပြေးသွားတဲ့ ဓားပြနောက်ကို ဆိုင်ရှင်အမျိုးသားက အော်ပြီးလိုက်သွားရာမှာ ဓားပြက သေနတ်ထုတ်ပြတယ်၊ ဆိုင်ရှင်လည်း ကြောက်ပြီး နောက်ပြန်လှည့်တော့ သေနတ်ပစ်ခံရတာ ပခုံးမှာ ထိမှန်သွားတယ်လို့ ဆိုပါတယ်။
နမ့်စန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက နမ့်လတ်ချောင်းရေလျှံပြီး ရေကြီးလို့ ရေဘေးဒဏ်ခံနေရကာ စားဝတ်နေရေး ခက်ခဲစဉ် ခုလို ဓားပြမှုပါ ထပ်ကြုံရလို့ မြို့ခံတွေကြား စိုးရိမ်ကြောင့်ကြနေကြ ပါတယ်။